ဟိုပန်၌ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး Booster Dose ထိုးနှံပေးလျက်ရှိ

ဟိုပန်  မတ် ၉

"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ် ရုံးကုန်းရပ်ကွက်ရှိ မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ယနေ့နံနက် ၁၀ နာရီအချိန်က အသက်(၁၈)နှစ်အထက် ပြည်သူများအား ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး Booster Dose ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံရာတွင် ဟိုပန်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးရဲဝင်းထိုက်၏ စီစဉ်ကြီးကြပ်မှုဖြင့် ကော်မတီအဖွဲ့ဝင်များ၊ ရပ်ကျေးစာရေးများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က  ဆေးလာရောက် ထိုးနှံသည့် ပြည်သူများကို  ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ခြင်း၊ စာရင်းအချက်အလက်များ ကောက်ယူခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပြီးချိန်တွင် ခေတ္တ အနားယူစေခြင်း စသည့် လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများကို ပူးပေါင်းကူညီ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ဟိုပန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး Booster Dose ကို အသက်(၆၅)နှစ်အထက် ဒေသခံပြည်သူ (၁၁)ဦး နှင့် ဌာနဆိုင်ရာ  ဝန်ထမ်း (၄၄)ဦးတို့ကို ထိုးနှံ ပေးခဲ့ပြီးဖြစ်ကြောင်း ဟိုပန်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။

ဇင်ဇင်