မိုးကုတ် မတ် ၉
မန္တလေးတိုင်းဒေသကြီး ၊ မိုးကုတ်မြို့နယ်တွင် အသက်(၁၈)ပြည့်ပြီးသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ တစ်မြို့နယ်လုံး ရာခိုင်နှုန်းပြည့်မီအောင် ထိုးနှံ နိုင်ရေးအတွက် ကိုဗစ်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများ ဦးဆောင်၍ ရပ်ကွက်ကျေးရွာများအတွင်း ကွင်းဆင်းကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာများတွင် အသိပညာပေး လိုက်လံနှိုးဆော်ခြင်း၊ အဖွဲ့များခွဲ၍ စုရပ်များတွင် ထိုးနှံပေးခြင်း၊ လူစည်ကားသောနေရာများတွင် ထိုးနှံ ပေးခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် လာရောက်မထိုးနိုင်သူများအား အိမ်တိုင်ရာရောက် လိုက်လံထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မိုးကုတ်မြို့နယ်တွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံရန်လျာထားဦးရေမှာ( ၁၃၉၀၉၂)ဦးဖြစ်ပြီး ၂၀၂၂ - ခုနှစ် ၊ မတ်လ( ၈ )ရက်နေ့အထိ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ( ၆၆၄၉၈ )ဦး၊ ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံပြီးသူ( ၆၁၂၁၇)ဦးထိုးနှံပြီးဖြစ်ပါသည်။
ဆေးထိုးရန်ကျန်သူ(၇၂၅၉၄) ဦးရှိပြီး သတ်မှတ်ကာလအတွင်း ရာခိုင်နှုန်းပြည့်မီနိုင်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
နန်းခွာညိုနှင်း