နမ္မတူမြို့နယ်တွင် အသက် (၁၈)နှစ်နှင့် အထက် တိုင်းရင်းသားပြည်သူ ၄၀ ဦးအား ပထမအကြိမ် Sinovac အမျိုးအစား ကိုဗစ်ကာကွယ်ဆေးများထိုးနှံပေး

နမ္မတူ မတ်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးကော်မတီအနေဖြင့် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့တွင် ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ အကြောင်းအမျိုးမျိုး ကြောင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့် အသက် (၁၈)နှစ်နှင့် အထက် တိုင်းရင်းသားပြည်သူ ၄၀ ဦး အား ပထမအကြိမ် Sinovac အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

ထိုသို့ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် နမ္မတူမြို့နယ် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများ အတွင်းရှိ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့် အသက် (၁၈)နှစ်နှင့် အထက် တိုင်းရင်းသားပြည်သူ ၄၀ ဦးအား ပထမအကြိမ် Sinovac အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ကာကွယ်ဆေး ထိုးနှံရာနေရာသို့ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းက အနီးကပ်ကြီးကြပ်လျက်  မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ ဌာန ဆိုင်ရာများမှ တာဝန်ရှိသူများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များမှ စေတနာ့ဝန်ထမ်းများက  ဆေးထိုးရန် လာရောက်သည့် တိုင်းရင်းသားပြည်သူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ အောက်ဆီဂျင်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ စာရင်းအချက်အလက်များ ကောက်ယူပေးခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်း (Mask)များ ဖြန့်ဝေပေးခြင်းနှင့် လိုအပ်သည်များကို ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့သည်။

နမ္မတူမြို့နယ်တွင် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေး လျက်ရှိရာ ယမန်နေ့ညနေပိုင်းအချိန်အထိ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသည့် ဒေသခံပြည်သူ ၉၄၇၆ ဦး၊ ကျောင်းသား/ကျောင်းသူ ၁၀၉၂ ဦး၊ ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံပြီးသည့် ဒေသခံ ပြည်သူ ၃၈၅၀ ဦးနှင့် ကျောင်းသား/ကျောင်းသူ ၁၈၈ ဦး၊ စုစုပေါင်းကာကွယ်ဆေး ထိုးနှံပြီးသည့် တိုင်းရင်းသား ပြည်သူများနှင့် ကျောင်းသား/ကျောင်းသူ ၁၄၆၀၆ ဦးရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းထံက သိရသည်။

လူမော် (ပြန်/ဆက်)