တာချီလိတ် မတ် ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ်(၂)အနီးမှ ဟောင်လိတ် စက်မှုဇုန် အနီး ဦးထွန်းအောင်တံတားအထိ မြို့ရှောင်လမ်းဖောက် လုပ်ရာတွင် ပါဝင်သော တောင်သူ (၄)ဦးအား လျော်ကြေးငွေ ပေးခြင်းကို ယမန်နေ့မွန်းလွှဲပိုင်းက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြို့ရှောင်လမ်းဖေါက်လုပ်ရာ၌ လမ်းနယ်အတွင်းပါဝင်သော လယ်ယာမြေနှင့် အိမ်ခြံမြေ ပိုင်ရှင် (၁၉၆)ဦးအနက် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၆)ရက်နေ့မှ ၂၀၂၁ ခုနှစ်၊ မေလ (၁၄)ရက်နေ့အထိ တောင်သူ (၁၈၁)ဦးအား စုစုပေါင်း လျော်ကြေးငွေ (၂၆၁၅,၁၉၁,၈၅၀)ကျပ်ပေးခဲ့ပြီး ကျန်ရှိသော တောင်သူ(၁၄)ဦးအနက် တောင်သူ(၄) ဦးအား မြို့နယ်မြေယာစီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဦးကျော်နှင့် အဖွဲ့ဝင်များက ယမန်နေ့က လျော်ကြေးငွေစုစုပေါင်း (၁၁၄၃၀၀၀၀)ကျပ်ကို ပေးအပ်ခဲ့သည်။
မြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့ရှောင်လမ်းဖောက်လုပ်ရခြင်းဖြစ်ပြီး မြေယာလျော်ကြေးနှင့် သီးနှံလျော်ကြေးအဖြစ် လန-၃၉ ကျပြီးသော အိမ်ခြံမြေ(၄၀x၆၀)မြေတစ်ကွက်လျှင် ကျပ်သိန်း(၁၉၀) နှုန်းနှင့် လန-၃၉ ကျပြီးသော လယ်ယာ ဉယျာဉ်ခြံမြေနှင့် မြေလွတ်မြေရိုင်းများအား တစ်ဧကလျှင် ကျပ်သိန်း(၁၉၀)နှုန်းဖြင့် လျော်ကြေးပေးအပ်ခဲ့ပြီး လမ်းနယ် အတွင်းပါဝင်သဖြင့် လျော်ကြေးပေးရန် ကျန်ရှိသော လယ်ယာမြေနှင့် အိမ်ခြံမြေပိုင်ရှင်(၁၀)ဦးအား ဆက်လက်ညှိနှိုင်း ဆွေးနွေး ဆောင်ရွက် လျက်ရှိကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်ထံမှသိရှိရသည်။
ယာဆေး( ပြန်/ဆက်)