ပင်လောင်း မတ် ၉
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ကောင်လှိုင်းကျေးရွာ၌ ဒေသခံ ပြည်သူ များ ခရီးသွားလာမှုနှင့်ကုန်စည်စီးဆင်းမှု အဆင်ပြေစေရန်အတွက် ကိုယ့်အားကိုယ်ကိုး ကွန်ကရစ်လမ်းကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ တတိယပတ်က စတင်ခင်းကျင်းရာ ယခုချိန်တွင် ၅၀ ရာခိုင်နှုန်းကျော် ခင်းကျင်းပြီးစီးနေပြီဖြစ်ကြောင်း ကျေးရွာလမ်းဖြစ်မြောက်ရေးကော်မတီထံမှ သိရ သည်။
အဆိုပါ ကျေးရွာကိုယ့်အားကိုယ်ကိုး ကွန်ကရစ်လမ်းခင်းကျင်းမှုနှင့်ပတ်သက်ပြီး "ဒီလမ်းကိုခင်းဖို့အတွက် ကျေးရွာနေ ပြည်သူလူထုက သူတို့ရဲ့ ဒေသထွက်ကုန်ဖြစ်တဲ့ စီပီပြောင်းတွေကို အိမ်ထောင် တစ်ခုမှာ ပိဿာချိန် ၃၀ ဆံ့ ပြောင်းအိတ် ၁၀ အိတ်နဲ့အထက် လာရောက်လှူဒါန်းကြတယ်။ အိမ်ခြေက ၆၁ အိမ်ပဲရှိတော့ တင်း ၆၀၀ ကျော်ရတယ်။ အဲဒီက ပြောင်း ကို မိုးဦရွာမှာရှိတဲ့ ပွဲရုံက လာဝယ်ပေးတယ်။ ဒီလမ်းစခင်းတုန်းက ပြောင်းတပိဿာမှကျပ် ၆၀၀ပဲရတော့ ကျပ် ၆၀၀နဲ့ပဲ ရောင်း လိုက်တာ။ တစ်အိတ်ကို ကျပ် ၁၈၀၀၀နဲ့ ရတော့ အားလုံးပေါင်းရင် သိန်းပေါင်း (၁၁၀) ဝန်းကျင်ရတယ်။ ဒီပြောင်းရောင်းရတဲ့ငွေတွေနဲ့ သဲ၊ဘိလပ်မြေတွေဝယ်ပြီး လမ်းကို (၅) လက်မအထူနဲ့ အကျယ်(၁၂)ပေခင်းတယ်။ ကျေးရွာတွင်း လမ်းအရှည်တော့ ခန့်မှန်းခြေ (၂)မိုင်ရှိမယ်။ အခုတော့ တစ်မိုင်ကျော်တော့ ခင်းပြီးပြီ။ ကျန်တဲ့လမ်းပိုင်းတွေလည်း ထပ်ခင်းဖို့တော့ရှိတယ်။ ကျွန်တော်တို့ ရွာကနေ တင်းထက်ရွာထိ လမ်းပိုင်း(၄)မိုင်ကိုတော့ ၂၀၁၈ ခုနှစ်က ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရဲ့ VDP အစီအစဥ်နဲ့ ငွေကျပ်သိန်း(၁၀၀)နဲ့ လူထုထည့်ဝင်ငွေကျပ်(၂၅)သိန်း ကွန်ကရစ်လမ်း (တစ်)မိုင်၊ ၂၀၂၁ ခုနှစ်က ကျေးရွာပြည်သူလူထုအစီအစဥ်နဲ့ (၃)မိုင်တော့ ခင်းပြီးပြီ။ ဒီနှစ်တော့ကျန်နေတဲ့ ကျေးရွာတွင်း(၂)မိုင်းကို ဆက်ခင်းတယ်။ ဒီလမ်းသာ ပြီးမြောက်မယ်ဆိုရင် ဒေသနေပြည်သူတွေအပြင် မောင်းဒိန်၊ပင်တပြေ၊ ကောင်မှီး(ပေါ်)၊ကောင်မှီး(အောက်)၊တောင်ဗာ အစရှိတဲ့ ပတ်ဝန်း ကျင်ရွာနေ ပြည်သူလူထုရဲ့ လူမှုရေး၊ကျန်းမာရေး၊ပညာရေး၊စီးပွားရေး အဘက်ဘက် က အထောက်အကူပြုပါတယ်" ဟု ကျေးရွာလမ်း ဖြစ်မြောက်ရေး ကော်မတီဝင်တစ်ဦးထံမှ သိရသည်။
ပင်လောင်းမြို့နယ် ကောင်လှိုင်းရွာသည် စင်းတောင်းကျေးရွာအုပ်စုတွင်ပါဝင်ပြီး အလယ်တန်းနှင့် အထက်တန်း ပညာရေးအတွက် အ.ထ.က(တင်းထက်)သို့ တက်ရောက်ပညာသင်ကြားရကြောင်း၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွင် လည်း ပင်လောင်းပြည်သူ့ဆေးရုံ၌ သွားရောက်ကုသကြရကြောင်း၊ စီးပွားရေး၊လူမှုရေးကဏ္ဍသည်လည်း ကောင်လှိုင်း-တင်းထက်-ဝါးလီး-ပင်လောင်းလမ်းကိုသာ အဓိကအားထားရကြောင်း ဤလမ်းပြီးမြောက်သွားပါက ကျေးရွာနေပြည်သူ လူထုအပြင် ပတ်ဝန်းကျင် ကျေးရွာနေပြည်သူလူထု၏ ကျန်းမာရေး၊ လှုမှုရေး၊ စီးပွားရေး၊ ပညာရေးတို့၌ များစွာ အထောက်အကူပြုကြကြောင်း သိရသည်။
ခွန်ရဲ(ပင်လောင်း)