ပင်လောင်းမြို့နယ် ကောင်လှိုင်းရွာ၌ ဗိုလ်စားပဲ စမ်းသပ်စိုက်ပျိုးပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိ

ပင်လောင်း မတ် ၉

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ကောင်လှိုင်းကျေးရွာ၌ ဗိုလ်စားပဲကို စမ်းသပ်စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိကြောင်း သိရသည်။

ပင်လောင်းမြို့နယ် ကောင်လှိုင်းကျေးရွာမှ ပဲစိုက်တောင်သူ ခွန်သန်းဖေက "ဗိုလ်စားပဲကို ဒီနှစ် ဇန်နဝါရီလမှာ စမ်းသပ် စိုက်ပျိုးကြည့်တာ အခု အောင်မြင်ဖြစ်ထွန်းတော့ ဝမ်းသာရပါတယ်။ ပဲမျိုးစေ့ ကိုတော့ နို့ဆီဘူးတစ်ဘူးကို ကျပ် ၁၅၀၀နဲ့  အောင်ပန်းထိ သွားဝယ်ရတယ်။ အခု ဒီပဲကို နို့ဆီဘူး ၃၀ ပဲ စမ်းစိုက်တယ်။ 

အရင်က မစိုက်ဖူးတော့ အများကြီးလည်း မစိုက်ရဲဘူး။ ဒီနှစ် စမ်းသပ်စိုက်ပျိုးကြည့်တာ အခက်အခဲ တော့ရှိတယ်။ စိုက်တဲ့အချိန်ကလဲ မိုးရာသီမဟုတ်တော့ ရေသွင်းစိုက်ပျိုးရတယ်။ ဒီဗိုလ်စားပဲကို အောင်ပန်းထိ တစ်ပိဿာကို ဈေး ကျပ် ၁၅၀၀ လည်းရဖူးတယ်။ကျပ်၂၀၀၀ ထိ လည်း ရဖူးတယ်။ ကုန်စိမ်းသီးနှံတွေဆိုတော့ ဈေးအတက်အကျတော့ရှိတာပေါ့။ ဒီအခင်းမှာတော့ သုံးကြိမ်တော့ ခူးပြီးပြီ။ ခုချိန်ထိဆို ငါးသိန်း ခြောက်သိန်းဝန်းကျင်ထိရတော့ မိသားစုဝင်ငွေလည်း တစ်ပိုင်တစ်နိုင်အနေနဲ့ ဈေးကောင်းရတယ်လို့ ပြောလို့ရပါတယ်" ဟု ပြောကြားခဲ့သည်။

ပင်လောင်းမြို့နယ် ကောင်လှိုင်းကျေးရွာသည် မိုးရာသီကိုသာ အားကိုးအားထားပြီး စိုက်ပျိုးရေးလုပ်ငန်းကို အဓိက လုပ်ကိုင်ကြကာ ပြောင်း၊လက်ဖက်၊ မြေပဲ၊ ပန်းနှမ်း ကိုသာ အဓိက စိုက်ပျိုးကြသော ကျေးရွာတစ်ရွာဖြစ်သည်။ ယခုနှစ်၌ စိမ့်စမ်းရေကို အသုံးပြု၍ တောင်သူ ခွန်သန်းဖေက ဗိုလ်စားပဲ စမ်းသပ်စိုက်ပျိုးရာမှ အောင်မြင်ဖြစ်ထွန်း လျက်ရှိရာ ဗိုလ်စားပဲကို  အောင်ပန်းသို့ တင်ပို့ရောင်းချရာတွင် ဈေးကောင်းရရှိပြီး မိသားစုဝင်ငွေများ တစ်ဖက်တစ်လမ်းမှ ရရှိ ကြောင်း သိရသည်။

ခွန်ရဲ(ပင်လောင်း)