တာချီလိတ်မြို့၌ ကိုဗစ်ကာလအတွင်းကွယ်လွန်ခဲ့ကြသူများအား ရည်စူး၍ မေတ္တာပို့ အမျှပေးဝေခြင်း အခမ်းအနားပြုလုပ်

တာချီလိတ်  မတ် ၉

ရှမ်းပြည်နယ်(အရှေပိုင်း)တာချီလိတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ တတိယလိုင်းဖြစ်ပွားနေစဉ်ကာလအတွင်း ကွယ်လွန်ခဲ့ကြ သူများအား ရည်စူး၍ မေတ္တာပို့ အမျှပေးဝေခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက ပုံလို့မြိုမ သုဿာန်သစ်တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပုံလို့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တပညာစာရ အမှူးပြုသော ဆရာတော်သံဃာတော် အပါး(၃၀)နှင့် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ကွယ်လွန်သဖြင့် ဘာသာရေးထုံးတမ်း စဉ်လာနှင့် အညီ သင်္ဂြိုလ်ခွင့် မရသူများ၏ ဆွေမျိုးများ၊ အလှူရှင်များက သတ္တဝါအပေါင်း ကောင်းမွန်ရာဘုံဘဝသို့ ရောက်ကြစေရန် မကျွတ်မလွတ်သေးသော ဝေနေရသတ္တဝါ အပေါင်းအားရည်စူး၍ မေတ္တာပို့သခြင်း၊ ပရိတ်တရာတော်များ ရွတ်ဖတ်သဇျာယ်ခြင်းများ ပြုလုပ်ပေးခဲ့ကြသည်။

ထို့နောက်  ပုံလို့ဆရာတော်ဘုရာကြီးနှင့် ဆရာတော်သံဃာတော်အရှင်သူမြတ်များအား အလှူရှင်များက လှူဖွယ်ဝတ္ထု အစုစုတို့ကို ဆက်ကပ်လှူဒါန်းပြီး ကွယ်လွန်ခဲ့သူများအား ရည်စူး၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။

ယာဆေး( ပြန်/ဆက်)