ညောင်ရွှေမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ မြို့နယ်အတွင်းရှိလူဦးရေ၏ ၅၅.၉ ရာခိုင်နှုန်း ထိုးနှံပြီးစီး

ညောင်ရွှေ      မတ်     ၈

 ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံခြင်းကို ရပ်ကွက် ၁၂ ရပ်ကွက်၊ ကျေးရွာအုပ်စု ၃၄ အုပ်စုတို့တွင် ဆေးထိုးအဖွဲ့ ရှစ်ဖွဲ့ဖြင့် ကွင်းဆင်း ဆောင်ရွက်ပေးလျှက်ရှိရာ မြို့နယ်အတွင်းရှိ ပြည်သူပေါင်း၏ ၅၅.၉ ရာခိုင်နှုန်း ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းအား မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များမှ ပူးပေါင်းဆောင်ရွက်လျက်ရှိကြပြီး အကြိမ်ပြည့် ကာကွယ်ဆေးထိုးနှံပြီးစီးသူ ဦးရေ (၆၆၃၁၆)ဦး၊ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံထားပြီးသူ (၇၅၂၁၂)ဦး ရှိကြောင်းနှင့် ရာခိုင်နှုန်းအားဖြင့် ၅၅.၉ ရာခိုင်နှုန်းထိုးနှံပြီးဖြစ်ကြောင်း သက်ဆိုင်ရာမှ စုံစမ်းသိရှိရသည်။

ညောင်ရွှေမြို့နယ်အတွင်း ဆေးထိုးစုရပ်များအဖြစ် မြို့မစုရပ် မြို့နယ်ခန်းမ အပါအဝင် နန်းပန်မြို့၊ စံကား၊ ရွာမ၊ ခေါင်တိုင်၊ မန်ကျည်းဆိပ်၊ သပြေပင်၊ မိုင်းသောက်ကျေးရွာတို့ကို အခြေပြု၍ မိဘပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ