မဲဆန္ဒရှင်စာရင်းများ ပြည်စုံမှန်ကန်အောင် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲပြုလုပ်

သထုံ မတ် ၉

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် နောင်ကျင်းပမည့် ရွေးကောက်ပွဲ၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်အောင် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇင်မောင်မောင်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ အိမ်ထောင်စုလူဦးရေစာရင်းနှင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ရပ်ကျေးအလိုက် ပုံစံ(၁)က လူဦးရေအခြေပြစာရင်းတို့ကို တိုက်ဆိုင်စစ်ဆေး၍ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်းများ ဆောင်ရွက်ရေး၊ မဲဆန္ဒရှင်စာရင်း မှန်ကန်စေရေးအတွက် ကနဦးလူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းများကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ အခြေပြုဆောင်ရွက်မည်ဖြစ်ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာများက နည်းပညာကျွမ်းကျင် ဝန်ထမ်းများအား တွဲဖက်စေလွတ်ပေးရေးနှင့် အုပ်ချုပ်ထောက်ပံ့ရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ပေးနိုင်ရန်အတွက် အခြားလိုအပ်သည်တို့ကို ရှင်းလင်းဆွေးနွေးရာ တက်ရောက် လာသူတို့က မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်မည့်လုပ်ငန်းများနှင့် လိုအပ်သည်တို့ကို ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်များနှင့် ကျေးရွာတို့မှ စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကိုကိုဦး(သထုံခရိုင်ပြန်/ဆက်)