သထုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများပူးပေါင်းပြီး သုဝဏ္ဏဝတီမြို့၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းနှင့် စက်သုံးဆီအရောင်းဆိုင် စစ်ဆေးခြင်းဆောင်ရွက်

သထုံ မတ် ၉

မွန်ပြည်နယ် သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက်တွင် ဆောင်ရွက်‌နေသည့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား သတ်မှတ်စံချိန်စံညွှန်းများ ပြည့်မှီစွာ ဆောင်ရွက်နိုင်ရေးနှင့် ကျိုက္ကော်ရပ်ကွက်ရှိ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးအန္တရာယ်ကာကွယ်ရေး၊ အချိန်အတွယ်မှန်ကန်စွာ ရောင်းချရေး တို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူတို့က ယမန်နေ့ မွန်းလွဲပိုင်းက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ရှေးဦးစွာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မောင်မောင်နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကျိက္ကော်ရပ်ကွက်၌ ဆောင်ရွက်နေသည့် ကွန်ကရစ်လမ်း ခင်းခြင်း လုပ်ငန်းအား သတ်မှတ်စံချိန်စံညွှန်းပြည့်မှီရေး၊ တည်ဆောက်ပြီးစီးမှုအခြေအနေ၊ ခိုင်ခံ့မှု၊ ရေရှည် တည်တံ့မှု၊ စနစ်တကျဆောင်ရွက်နေမှု စသည့်အခြေအနေတို့ကို စစ်ဆေးရာ တင်ဒါအောင်မြင်ပြီး ဆောက်လုပ်နေသည့် ကုမ္ပဏီမှတာဝန်ရှိသူက ရှင်းလင်းပြောကြာပြီး မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က လိုအပ်သည်တို့ကို ဖြည့်စွက်ဆောင်ရွက်ပေးရေး ညှိနှိုင်းဆွေးနွေးခဲ့သည်။

အဆိုပါ ကွန်ကရစ်လမ်းမှာ ၂၀၂၁/၂၀၂၂ ဘဏ္ဍာနှစ် မီနီဘတ်ဂျက်ကာလ၊ မြို့နယ် စည်ပင်သာယာ‌ရေးအဖွဲ့ရန်ပုံငွေ ပြည်နယ်ဘတ်ဂျက် ငွေကျပ် ၂၀.၀၀ သန်း ဖြင့် ပွင့်သစ်စိန် Co.,Ltd မှ တာဝန်ယူ ဆောင်ရွက်နေပြီး လမ်းအရှည် ၇၀၀ ပေ၊ အကျယ် ၁၄ ပေနှင့် အမြင့် ၆ လက်မရှိ‌ကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများသည် ကျိုက်‌ကော်ရပ်ကွက်ရှိ "သုံးရာသီ" စက်သုံးဆီအရောင်းဆိုင်၊ မြေနီကုန်းကျေးရွာရှိ "Purma Power" နှင့် "Parent Love" စက်သုံးဆီအ‌ရောင်းဆိုင်တို့အား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးဘေးလုံခြုံ‌ရေးတို့အတွက် မီးသတ်ဆေးဗူးများ အရန်သင့်ပြင်ဆင်ထားရှိရေး၊ အရေးပေါ်မီးငြိမ်သတ်နိုင်ရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စီမံချက်ရေးဆွဲထားရှိရေး၊ လုံခြုံ‌ရေးအတွက် စီစီတီဗွီ ကင်မရာများ တပ်ဆင်ထားရှိမှု အ‌ခြေအနေ၊ စက်သုံးဆီသိုလှောင်ကန်များ အခြေအနေ၊ မီးသတ်ရေကန်များ အရန်သင့်ရေအပြည့်ရှိစေရေး၊ စက်သုံးဆီ အချိန်အတွယ် မှန်ကန်စွာဖြင့် ရောင်းချစေရေး စသည်တို့ကို သွားရောက်စစ်ဆေးကာ လိုအပ်သည်တို့ကို ဖြည့်ဆည်း ဆောင်ရွက်နိုင်ရေး မှာကြားဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

ကိုကိုဦး(သထုံခရိုင်ပြန်/ဆက်)