မိုးညှင်း မတ် ၉
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသရှိ မမုန်ကိုင်ကျေးရွာအုပ်စု မိုင်းနောင်ကျေးရွာတွင် ငွေကျပ်သိန်းပေါင်း (၆၀၀)ကျော် အကုန်အကျခံကာ နံနက်ခင်းဈေးသစ်ကို မတ်လမှစတင်၍ ကိုယ်ထူကိုယ်ထ တည်ဆောက်လျက်ရှိကြောင်း သိရသည်။
အဆိုပါကိုယ်ထူကိုယ်ထ ဈေးသစ်ကြီးကို မိုင်းနောင်ကျေးရွာအလယ်တွင် မတ်လမှစတင်၍ တည်ဆောက်လျက်ရှိရာ ဈေးဆိုင်ခန်းပေါင်း (၂၀၆)ခန်း ပါဝင်မည်ဖြစ်ကြောင်း ဈေးကော်မတီအဖွဲ့ နာယက ဦးစိုးမြင့်ထံမှ သိရသည်။
“(၉)ပေပတ်လည်ရှိတဲ့ ဈေးဆိုင်ခန်းပေါင်း နှစ်ရာနဲ့ခြောက်ခန်းပါဝင်မယ်။ လက်ရှိမှာ မိုင်းနောင် ကျေးရွာအလယ် ခေါင်းတုံချောင်းနဘေးက မြေနေရာကို ရှင်းလင်းမှုတော့ပြီးသွားပါပြီ ဈေးတည်ဆောက်ပြီးသွားရင်တော့ မဲစနစ်နဲ့ (၉)ပေပတ်လည် သွပ်မိုး ပျဉ်ထောင်ပျဉ်ခင်း ဈေးဆိုင်ခန်းတစ်ခန်းကို နှစ်သိန်းခွဲကျပ်နဲ့ ရောင်းချပေးသွားမယ်” ဟု ၎င်းတာဝန်ရှိသူက ပြောပြသည်။
ယင်းနောက် ဈေးသည်တစ်ဦးက "အခုဈေးသည်တွေကို ရောင်းချပေးမယ့် (၉)ပေပတ်လည် ဈေးဆိုင်ခန်းတစ်ခန်းကို နှစ်သိန်းခွဲဆိုတော့ တန်ပါတယ်။ လက်သမားဆရာနဲ့မေးပြီး ကုန်ကျစရိတ်ကို တွက်ကြည့်လိုက်တာ ပျဉ်ဖိုးသွပ်ဖိုးနဲ့ဆို အဲဒီလောက်ပဲ ကုန်ကျမယ်လို့ပြောတယ်။ မိမိဆိုင်ခန်းအပိုင်ဆိုတော့ မိုးလုံလေလုံနဲ့ စိတ်ချမ်းမြေ့စွာဈေးရောင်းချနိုင်တော့မယ်" ဟု ပြောသည်။
ထိုနံနက်ခင်းဈေးသစ် တည်ဆောက်မှုပြီးစီးပါက ၎င်းနှင့်ကပ်လျက်ရှိသော မြေကွက်အလွတ် ကျေးရွာပိုင်မြေနေရာတွင် ရပ်မိရပ်ဖများ၊ ဈေးကော်မတီများ၊ ဈေးသည်များနှင့် ရွာသူရွာသားများ ဆွေးနွေးညှိနှိုင်းတိုင်ပင်၍ ခေတ်ကာလအခြေအနေအရ နေ့ဈေးတန်းနှင့် ညဈေးတန်းအဖြစ် တည်ဆောက်သွားရန်လည်း စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့နောက် နံနက်ခင်းဈေးမြေနေရာကို အလှူရှင်တစ်ဦးက လှူဒါန်းထားခြင်းဖြစ်ပြီး၊ ၎င်းဈေးသစ်ကြီးတွင် ကုန်စိမ်းတန်း၊ အထည်အလိပ်ဆိုင်များ၊ အသားစိမ်း ငါးစိမ်းဆိုင်များနှင့် ခေါက်ဆွဲဆိုင်များကို စနစ်တကျ စည်းကမ်းရှိစွာ ရောင်းချနိုင်ရေးအတွက် ရပ်မိရပ်ဖများ၊ ဈေးကော်မတီများနှင့် ဈေးသည်များအား ညှိနှိုင်းတိုင်ပင်ကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)