သထုံမြို့နယ် အောက်ကွင်းကျေးရွာများ၌ ဆောင်းသီးနှံနှင့် ဆီထွက်သီးနှံ‌နေကြာ တိုးချဲ့စိုက်ပျိုး နိုင်ရေးကွင်းဆင်း ပညာပေးစည်းရုံးဆောင်ရွက်

သထုံ မတ် ၉

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း‌ ဆောင်းသီးနှံများနှင့် ဆီထွက်သီးနှံနေကြာ စိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်မှု ကော်မတီ၀င်များတို့ပူးပေါင်းကာ ယမန်နေ့မွန်းလွဲပိုင်းက သထုံမြို့နယ်၊ အောက်ကွင်း‌ကျေးရွာ တို့ရှိ ဆောင်းသီးနှံ ပဲတီစိမ်းနှင့် ဆီထွက်သီးနှံနေကြာ စိုက်ပျိုးမြေများသို့ ကွင်းဆင်း ပညာပေး စည်းရုံးခြင်းများ ဆောင်ရွက်ခဲ့သည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မောင်မောင်နှင့် အဖွဲ့ဝင် များ၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှု ကော်မတီ၀င်များတို့က သထုံမြို့နယ်၊ ကတိုက်ကလေး ကျေးရွာအုပ်စုနှင့် သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက်တို့ရှိ တောင်သူ ဦးသန်းနိုင်ဦး ပိုင်ဆိုင်သည့် စိုက်ပျိုးမြေများ၌ သီးညှပ်စိုက်ပျိုးထားသောနေကြာ(၇)ဧက ဖြစ်ထွန်း‌နေမှုကို ကြည့်ရှုအားပေး ကာ ဝန်းကျင်ရှိ တောင်သူများအား ဆောင်းသီးနှံနှင့် ဆီထွက်သီးနှံနေကြာ စိုက်ပျိုးနိုင်ရေး ပညာပေးစည်းရုံးခြင်း၊ စိုက်ဧကများတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် သီးညှပ်စိုက်ပျိုးခြင်းများ ဆောင်ရွက်နိုင်ရေး စသည်တို့ကို ပညာပေးဆွေးနွေးကာ စည်းရုံးဆောင်ရွက်ခဲ့သည်။

သထုံမြို့နယ်အတွင်း စားသုံးဆီ ဖူလုံမှုရာခိုင်နှုန်း တိုးတက်‌စေရေးအတွက် မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနအနေဖြင့် လာမည့်နှစ်အတွင်း ဆီထွက်သီးနှံများကို ဧက ၂၅၀ ခန့် တိုးချဲ့စိုက်ပျိုး နိုင်ရေး လျာထားဆောင်ရွက်သွားမည်ဖြစ်ကာ စိုက်ပျိုးလိုသည့် တောင်သူများအား မျိုးရရှိရေး နှင့် စိုက်ပျိုးနည်းပညာများ ရရှိရေးတို့အတွက် လိုအပ်သည်တို့ကို ပူးပေါင်းကူညီ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကိုဦး(သထုံခရိုင်ပြန်/ဆက်)