ဒေါ့ဖုန်းယန် မတ် ၉
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့၌ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီခန့်က အမှတ်(၁)ရပ်ကွက် အစည်းအဝေး ခန်းမဆောင်၌ ကိုဗစ် စည်းကမ်းချက် များနှင့် အညီ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက အဖွင့်အမှာစကား ပြောကြားပြီး မိုးမောက်မြို့နယ် Ever Green ပရဟိတလူမှုရေးအဖွဲ့မှ ဥက္ကဋ္ဌ ဦးစိန်ရွှေက အပြည်ပြည် ဆိုင်ရာ အမျိုးသမီးများနေ့မှ အမျိုးသမီးများဆိုင်ရာ အခွင့်အရေးအား သိရှိစေရန်၊ အမျိုးသမီး၊ အမျိုးသား တန်းတူညီမျှမှု အခွင့်အရေးရရှိလာစေရန်၊ အိမ်တွင်းအကြမ်းဖက်မှုမှအစ အမျိုးသမီးများအပေါ် အကြမ်း ဖက်မှုပေါင်းစုံ ရပ်တန့်စေရန်နှင့် ရေရှည်တည်တံ့သော မနက်ဖြန်အတွက် ကျား/မ တန်းတူ ညီမျှရေး ဆောင်ရွက်နိုင်စေရန် စသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ သမိုင်းအကြောင်းကို Ever Green ပရဟိတလူမှုရေး အဖွဲ့မှ ရုံးအုပ် ဒေါ်နန်ဘောက်က ရှင်းလင်းပြောကြားပြီး ဂိမ်းကစားခြင်း၊ မေးခွန်းများမေးမြန်းခြင်းနှင့် လက်ဆောင်များ ပေးအပ်ခြင်းတို့ကို ပြုလုပ်ခဲ့ပြီး ဒေါ့ဖုန်းယန်မြို့၌ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားသို့ အမှတ်(၁၊၂၊၃)ရပ်ကွက်နှင့် ဖာကေကျေးရွာမှ အမျိုးသမီး စုစုပေါင်း (၅၀)ဦးတက် ရောက်ခဲ့ ကြောင်း သိရှိရသည်။
သန်းနိုင်စိုး