စစ်တွေ မတ် ၉
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာရရှိစေရေးအတွက် ၂၀၂၁ −၂၀၂၂ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၊ ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၁၉၈ ဒသမ ၄၁၈ သန်းဖြင့် ကျေးရွာ(၉)ရွာ၌ သောက်သုံးရေရရှိရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း စစ်တွေမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ကျေးလက်နေပြည်သူများ သောက်သုံးရေရရှိစေရေးအတွက် စစ်တွေမြို့နယ်အတွင်း ပြည်ထောင်စု ရန်ပုံငွေဖြင့် သုံးဆောင်ကျေးရွာ၊ မြစ်နားကျေးရွာများတွင် မြေသားရေကန် တစ်ကန်နှင့် မြေသား ရေကန်အနက်နှိုက်ခြင်း သုံးကန်တို့ကို ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် င/တောက်တက်ကျေးရွာ၊ ကြွီတဲပိုက်ဆိပ်ချေကျေးရွာများတွင် အိမ်တိုင်ရာရောက် ရေပိုက်လိုင်း သွယ်တန်းခြင်းနှင့် ဇော်မဒတ်ကျေးရွာတွင် ရေစုကန် (၅)ကန်၊ သင်ပုန်းတန်းကျေးရွာ၊ င/တောက်တက် ကျေးရွာများတွင် လက်တူးတွင်းသုံးတွင်းတို့ကို ဆောင်ရွက်လျက်ရှိပြီး ဇော်မဒတ် ကျေးရွာ မြေသားရေကန်ခြံစည်းရိုး ကာရံခြင်းနှင့် မင်းလှကျေးရွာ မြေသားရေကန်တူးဖော်ခြင်း၊ မြေသားရေကန်အနက်နှိုက် နှစ်ကန်၊ ကြံတောကျေးရွာတွင် လက်တူးတွင်းပြင်ထိန်း နှစ်တွင်း စုစုပေါင်း ရေပေးရေးလုပ်ငန်း (၂၀)တို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ရေပေးရေးလုပ်ငန်းများဆောင်ရွက်နေသည့် င/တောက်တက်ကျေးရွာနှင့် ကြွီတဲပိုက်ဆိပ်ချေ ကျေးရွာများသို့ စစ်တွေခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစောဝေ၊ မြို့နယ်ဦးစီးမှူး ဦးသန်းစိုးဦး၊ မြို့နယ်အင်ဂျင်နီယာနှင့်တာဝန်ရှိသူများ ယနေ့နံနက်ပိုင်းက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ကျေးလက်ရေပေးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ၎င်းကျေးရွာ (၉)ရွာ၌ အိမ်ခြေ (၁၁၄၉) လူဦးရေ (၆၀၅၉) ဦးတို့မှာ သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာ ရရှိနိုင်မည်ဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနထံမှ သိရသည်။
တင်ထွန်း(ပြန်/ဆက်)