ဂွမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပြီးစီးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဂွ မတ် ၉

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပြီးစီးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၂)နာရီအချိန်တွင် မြိုနယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဇာနည်ကျော်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ အသက်(၁၈)နှစ်နှင့်အထက် ကာကွယ်ဆေး ဆေးထိုးရန် အကျုံးဝင်သူအားလုံးအား ၂၀၂၂-ခုနှစ်၊ ဧပြီလ(၃၀)ရက်နေ့ နောက်ဆုံးထားပြီးရာနှုန်းပြည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ဆေး ထိုးနှံပြီးစီးရေး ဆောင်ရွက်သွားကြရန်၊ ဂွမြို့နယ် အနေဖြင့်  ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ဆေး  ထိုးနှံရန်လျာထားသူ (၅၆၁၇၈) ဦး ရှိသော်လည်း ယနေ့အထိ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ (၃၄၂၃၆)ဦးရှိသောကြောင့် ၆၁%ကျော် ပြီးမြောက်ပြီဖြစ်ကြောင်း၊ မတ်လနှင့် ဧပြီလအတွင်း ရာနှုန်းပြည့်နီးပါး ထိုးနှံပြီးစီးနိုင်ရေး ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် ချိတ်ဆက်စာရင်းကောက်ယူပြီး ကျေးရွာများအရောက် Mobile Team အနေဖြင့် ကွင်းဆင်းဆောင်ရွက်သွားကြရန်နှင့် ယနေ့လက်ရှိ ကာကွယ်ဆေး ထိုးနှံနေမှုအခြေအနေများ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနအနေဖြင့် ကာကွယ်ဆေးထိုးနှံရန်အတွက် ကာကွယ်ဆေးလိုအပ်ချက် အခြေအနေများကို ကြိုတင်တင်ပြ တောင်းခံသွားနိုင်ရေး၊ ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များကို Sinopharm ကာကွယ်ဆေး ထိုးနှံပေးနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြည်သူလူထုအား ကျယ်ကျယ်ပြန့်ပြန့် သိရှိရေး ဆောင်ရွက်ရန်နှင့် ကာကွယ်ဆေးထိုးနှံခြင်းကြောင့် ရရှိသည့်အကျိုးကျေးဇူးများကို ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိရေး အသိပညာပေးခြင်းများကို ဆောင်ရွက် သွားကြရန် ပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၏ ဆွေးနွေး တင်ပြချက်များကို ပြန်လည်ဆွေးနွေး ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်