အနန္တဇိနလောက ချမ်းသာစေတီတော်မြတ်ကြီး မြေသန့်မင်္ဂလာနှင့် ပန္နက်တင် မင်္ဂလာအခမ်းအနား ကျင်းပ

လွိုင်လင်  မတ်  ၈

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့  ထူပါရုံတောရကျောင်းတိုက် (အောင်တော်မှု) တောင်ကုန်း ပေါ်တွင် အနန္တဇိနလောကချမ်းသာ စေတီတော်မြတ်ကြီး တည်ထားကိုးကွယ်ရန် မြေသန့်မင်္ဂလာနှင့် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ( ၁၀ ) နာရီက ယာယီ မင်္ဂလာမဏ္ဍပ်တွင် ကျင်းပပြုလုပ် သည်။

အစီအစဉ်အရရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို၍ဖွင့်လှစ်သည်။ ယင်းနောက် လွိုင်လင်မြို့ ဓာတ်တော်ကျောင်းတိုက် ဆရာတော် ဒေါက်တာဘန္ဒန္တပညာနန္ဒ ( အဂ္ဂမဟာပဏ္ဍိတ)ထံမှ ကိုးပါးသီလခံယူဆောက်တည်ရန် ဩကာသကန်တော့ကျိူဖြင့် ကန်တော့ကြသည်။

ယင်းနောက် ဆရာတော်များက ပရိတ်တရားတော်များ ချီးမြှင့်ပေးပြီး နောက်လှူဘွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍  အလှူရှင် ဦးတင်ရွှေ + ဒေါ်နန်းသက်စု လှိုင်ထွန်း (သား) စိုင်းအောင်သုတမင်း မိသားစုမှ စေတီတော်တည်ထားကိုးကွယ်ရန် အလှူငွေ ကျပ်သိန်း ၃၀၀ ကို လှူဒါန်းရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်မှ ဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ်သည်။ ထို့နောက် ဓာ‌တ်တော်ကျောင်းတိုက်ဆရာတော်နှင့် သံဃာတော်များက မြေသန့်ကမ္မဝါစာ ဖတ်ကြားသည်။

ယင်းနောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။ ဆက်လက်၍ ပန္နက် တင်ရန် မင်္ဂလာအချိန်တွင် ဒေါက်တာဘန္ဒန္တပညာနန္ဒ ဦးဆောင်င ဆရာတော်များ၊ အလှူရှင်များ၊ ၇ ရက်သားသမီးများက သက်ဆိုင်ရာနေ့နံထောင့်တွင် နေရာယူပြီး မင်္ဂလာအချိန်တွင် ဇယန္တောဗောဓိယာ မူလေသကျာနံနန္ဒိဝဿုနော ဧဝမေဝဇယောဟောတု ဇယသုဇယ မင်္ဂ‌‌လေ အစရှိသည့် အောင်ဂါထာ ရွတ်ဆို၍ ရွှေပန္နက်တော် ငွေပန္နက်တော်များ တင်လှူကြကာ အောင်ပြီ အောင်ပြီဟူ၍ ကြွေးကြော် ကြသည်။

ထို့နောက် ဆရာတော်များအား ပြန်လည်ကန်တော့ကြပြီး ပန္နက်တင်ခြင်းမင်္ဂလာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ ရုတ်သိမ်းလိုက်ကြောင်း သိရသည်။

 အဆိုပါ တည်ထားကိူကွယ်မည့် အနန္တဇိနလောကချမ်းသာစေတီတော်ကြီးသည် ဉာဏ်တော် အမြင့်ပေ ၆၉.၅ ၊   ရင်ပြင်အကျယ် ၇၂ ပေရှိကာအတွင်းလှိုင်ဂူ ပါရှိမည်ဖြစ်ကြောင်းသိရသည်။

လွိုင်လင်မိုး