သပိတ်ကျင်း မတ် ၈
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် ဝါစိုက်ပျိုးတောင်သူများအနေဖြင့် စိုက်ပျိုးရာတွင် ဒေသနှင့် ကိုက်ညီမှုရှိပြီး၊ အောင်မြင်ဖြစ်ထွန်းသည့်အတွက် ဈေးကောင်းရရှိသဖြင့် ဝါစိုက်ဧကများ တိုးချဲ့စိုက်ပျိုးလာကြောင်း သိရသည်။
သပိတ်ကျင်းမြို့နယ် ဝါစိုက်ပျိုးတောင်သူများအနေဖြင့် မိုးနှောင်းချည်မျှင်ရှည်ဝါကို (၂၀၁၈-၂၀၁၉) ခုနှစ်တွင် စတင်စမ်းသပ် စိုက်ပျိုးခဲ့ပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် (၂၀၂၁-၂၀၂၂) ခုနှစ် ဝါစိုက်ဧက ၂၀၄ ဧကအထိ စိုက်ပျိုးခဲ့ရာမှ (၂၀၂၂-၂၀၂၃) ခုနှစ်ဘဏ္ဍာရေးနှစ်တွင် မိုးနှောင်းချည်မျှင် ရှည်ဝါကို ဧက ၂၅၀ အထိ တိုးချဲ့စိုက်ပျိုးရန် လျာထားခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဝါစိုက်ပျိုးမှုနှင့်ပတ်သက်ပြီး သပိတ်ကျင်းမြို့နယ် စမ္ပါယ်နဂိုရ်ကျေးရွာအုပ်စု၊ ပန်းပင်ကျေးရွာမှ ဝါစိုက် ပျိုးတောင်သူ ဦးတင်စိုးအား ဝါစိုက်ပျိုးမှုနှင့်ပတ်သက်ပြီး မေးမြန်းခဲ့ရာ “ကျွန်တော်ဝါ(၃)ဧကကို စတင် စိုက်ပျိုးခဲ့ရာ ဝါဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် (၁၄၅၀)ကျပ်မှ (၂၃၀၀)ကျပ်အထိ ဈေးနှုန်းရရှိခဲ့ သဖြင့် (၂၆)သိန်းရရှိပြီး၊ ထပ်မံကောက်စရာဝါများလည်းရှိသေးကြောင်း၊ ဒေသနှင့်ကိုက်ညီမှုရှိသဖြင့် စိုက်ပျိုးရတာ အကျိုးရှိသည့်အတွက် လာမည့်နှစ်တွင်လည်း ထပ်မံတိုးချဲ့စိုက်ပျိုးရန်ရှိကြောင်း၊ သခင်မ ပစ်၊ သခင်ချစ်သည့် ဝါမှဝါဂွမ်းအပြင် ဝါစေ့ဆီ၊ ဝါဆေ့ကြိတ်ဖတ်များရရှိသဖြင့် ကျွဲ၊ နွားများအတွက် အစာများရရှိခဲ့ကြောင်း” ရှင်းပြခဲ့သည်။
သပိတ်ကျင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဝါမျိုးကောင်း မျိုးသန့်များဖြစ်သော ရွှေတောင် (၈)၊ ရွှေတောင် (၁၀)၊ ငွေချည်(၆)၊ ငွေချည်(၉) အမျိုးအစားများကို တောင်သူများကို ဖြန့်ဖြူးပေးခြင်း၊ နည်းပညာများပေးခြင်း၊ တောင်သူပညာပေး ဆွေးနွေးပွဲများဆောင်ရွက်ခြင်း၊ ဝါအထူးဇုံများ ဆောင်ရွက်ခြင်း၊ ဝါမျိုးစေ့ထုတ်ဆင့်ပွားသင်တန်းများပေးခြင်း၊ တောင်သူမှ တောင်သူသို့ လေ့လာစေခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စိုးနိုင်ဝင်း (သပိတ်ကျင်း)