မော်လမြိုင် မတ် ၈
မွန်ပြည်နယ် မော်လမြိုင်ခရိုင် ပြည်နယ်ခန်းမတွင် ၂၀၂၂ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နေ့လယ် (၁) နာရီကကျင်းပပြုလုပ်ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်းထွန်းတက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်းထွန်းက အဖွင့် အမှာစကား ပြောကြားရာတွင် ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ အမျိုးသမီးများအတွက် ဂုဏ်ယူစရာ နေ့လေးတစ်နေ့ဖြစ်ပါကြောင်း အမျိုးသမီးထုကြီးတစ်ရပ်လုံး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပုံမှန် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိသလို ကိုဗစ်-၁၉ရဲ့နောက်ဆက်တွဲ ဆိုးကျိုးကနေ ပြန်လည်ထူထောင်ရေးများ ဆောင်ရွက်ရာမှာလည်း အမျိုးသမီးကဏ္ဍကို နောက်ကျန်မနေစေဖို့ အမျိုးသမီးများ၏ စွမ်းပကားတိုးမြှင့်စေရေးအတွက် ကုလသမဂ္ဂအဖွဲ့ကြီးက “စဉ်ဆက်မပြတ် တိုးတက်ဖို့ ကျား၊ မ တန်းတူညီမျှစို့” ဆိုတဲ့ ဆောင်ပုဒ်လေးကို ချမှတ်ဆောင်ရွက်ပေးခဲ့ကြောင်း၊ မြန်မာအမျိုးသမီးများရဲ့ အခွင့်အရေးတွေကိုပိုမိုမြှင့်တင် ကာကွယ်စောင့်ရှောက်နိုင်ဖို့အတွက် နိုင်ငံတော် အနေနဲ့ ဘက်ပေါင်းစုံက ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မြန်မာအမျိုးသမီးများဟာ ကဏ္ဍစုံမှာအမျိုးသားများနဲ့ တန်းတူပါ၀င် ဆောင်ရွက်နေကြတဲ့အတွက် ဂုဏ်ယူပါကြောင်း ပြောကြားခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးက ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ထံမှပေးပို့သော သ၀ဏ်လွှာအားဖတ်ကြားခဲ့သည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ် Video Clip အားပြသခြင်းနှင့် ဖြူစင်အိမ်အဖွဲ့မှ” ငြိမ်းချမ်းရေးလမ်းသာ” သီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ကာ အမှတ်တရ မှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။
ခင်စန်းမြင့်ပြန်/ဆက်