(၅၇) ကြိမ်မြောက် ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္ဓပါလစာပွဲတော် ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားနှင့် ရေစက်ချတရားတော်နာယူခြင်း အခမ်းအနားကျင်းပ

မိုင်းပန် မတ် ၈

ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် မိုင်းပန်မြို့နယ်တွင် (၅၇) ကြိမ်မြောက် ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္ဓပါလစာပွဲတော် ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားနှင့် ရေစက်ချ တရားတော်နာယူခြင်း အခမ်းအနားကို ယနေ့နံနက် (၇) နာရီအချိန်မှစ၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်တွင်းပြည်ပဘွဲ့ရ သံဃာတော် (၄) ပါးနှင့် စာပွဲတော်မှ စာအောင်သံဃာတော် (၆၅) ပါးအား ညောင်ကိုးပင်ကျောင်းတိုက်မှ မွေတော်ကျောင်းသို့ မြို့တွင်းလမ်းမကြီးတစ်လျှောက် လှည့်လည်ပူဇော်ခံ ပင့်ဆောင်ခဲ့ပြီးနောက် (၉) နာရီအချိန်တွင် မွေတော်ပရိယတ္တိ ကျောင်း၌ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားစတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ထို့နောက် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဗုဗ္ဗာရုံပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တခေမိန္ဒာဘိပါဘ (အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ) အရှင်သူမြတ်ထံ ကန်တော့၍ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပါသည်။ ထို့နောက် သံဃာတော်များအား လှူဘွယ်ဝတ္ထုများ ဆက်ကပ် လှူဒါန်းခြင်း၊ သံဃာတော်အရှင်မြတ်များထံမှ ပရိတ်တရားတော်များ နာယူခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ဆက်လက်၍ နိုင်ငံတော်အစိုးရသာသနာဇေဓမ္မာစရိယဘွဲ့ရရှိသော အရှင် ဥတ္တမ၊ သီရိလင်္ကာနိုင်ငံ ကေလာနိယတက္ကသိုလ်မှ အမ်အေဘွဲ့ရ အရှင်ကာလိန္ဒ၊ သီရိလင်္ကာနိုင်ငံ ကေလာနိယတက္ကသိုလ်မှ ဘီအေဘွဲ့ရအရှင်သုဓမ္မ၊ ထိုင်းနိုင်ငံမဟာစူဠလွန်ကွန်းတက္ကသိုလ်မှ ဘီအေဘွဲ့ရ အရှင်နန္ဒိယတို့၏ ထေရုပ္ပတ္တိအကျဉ်းအား ဖတ်ကြားပူဇော်ခဲ့ကြပြီးနောက်ဘွဲ့ရ သံဃာတော်များအား ဂုဏ်ပြုလက်မှတ်နှင့် ဆုများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ထိုသို့ ဆက်ကပ်လှူဒါန်းပြီးနောက် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဗုဗ္ဗာရုံပရိယတ္တိ စာသင်တိုက် ဆရာတော်ဘဒ္ဒန္တခေမိန္ဒာဘိပါဘ (အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ) အရှင်သူမြတ်ထံမှ ရေစက်ချတရားတော်နာယူခဲ့ပြီး သံဃာစုံပြန်လည်ကန်တော့ကာ ဗုဒ္ဓသာသနံ စိရံ တိဌတုသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ် (ပြန်/ဆက်)