မင်းပြား မတ် ၈
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်၌ မင်းပြား မြို့မဈေး သန့်ရှင်းသာယာလှပရေး အတွက် ဌာနဆိုင်ရာများနှင့် မြို့ပေါ်ရှိ လူမှုအဖွဲ့အစည်းများ ပူးပေါင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မင်းပြားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မင်းပြားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးမျိုးစိုးမိုးကဈေးအတွင်းရှိ ဈေးဆိုင်ခန်းများ သန့်ရှင်းသာယာလှပရေးနှင့်သန့်စင်ခန်းများစနစ်တကျဖြစ်စေရေး၊ ဈေးအတွင်းရှိ ဈေးဆိုင်ခန်းများ သတ်မှတ်ဧရိယာအတွင်း ရောင်းချရေးနှင့်ကျူးကျော်ရောင်းချမှုမရှိစေရေး၊ ဈေးမီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်း ကြိုတင်စီမံထားရှိရေး၊ ဈေးအပြင်ကမ်းနားလမ်း သန့်ရှင်းသာယာလှပရေးနှင့်ယာဉ်များပိတ်ဆို့မှုမရှိစေရေး၊ ဈေးအပြင် ကမ်းနားလမ်းရှိ ဆိုင်ခန်းများ သတ်မှတ်ဧရိယာအတွင်း ရောင်းချစေရေးနှင့် ကျူးကျော်ရောင်းချမှုမရှိစေရေး၊ မြို့ပေါ်ရပ်ကွက်များ ရေရှားပါးပြတ်လပ်မှုမရှိစေရေးနှင့်ကြိုတင်ပြင်ဆင်ဆောင်ရွက်ရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး နှင့်ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေးအတွက် ကားဂိတ်များစနစ်တကျထားရှိ ဆောင်ရွက်ရေးစသည့် အချက်ကို မင်းပြားမြို့နယ် စည်ပင်သာယာရေးအဖွဲ့အား တင်ပြရန်ပြောကြားသည်။ ဆက်လက်ပြီး မင်းပြားမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ လက်ထောက်ညွန်ကြားရေးမှူး ဦးသန်းမြင့်က အဆိုပါအချက်အလက်များ ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်း တင်ပြသည်။ ဆက်လက်ပြီး မင်းပြားမြို့နယ် မြို့မိမြို့ဖနှင့် လူမှုအဖွဲ့အစည်းများက မင်းပြားမြို့ ရေရရှိရေးနှင့် မြို့မဈေးအတွင်း စည်းကမ်းမဲ့ဈေးရောင်းချမှု အခြေအနေများ၊ ဈေးပတ်ဝန်းကျင် ကမ်းနားလမ်း တစ်လျှောက် သတ်မှတ်ထားသောနေရာ၌ ဈေးရောင်းချရန်နှင့် ပျံကျဈေးသည် များအား စနစ်တကျဈေးရောင်းချရန်၊ သတ်မှတ်နေရာ၌ ယာဉ်များကို ရပ်နားစေရန် အသိပေး၊ သတိပေး လုပ်ဆောင်မှုများ ဆောင်ရွက်ပြီး မလိုက်နာပါက ဉပဒေစည်းမျဉ်း စည်းကမ်းများနှင့် အညီအရေးယူ ဆောင်ရွက်ရန်အကြံပြုဆွေးနွေးကြကြောင်း သိရသည်။
သိန်းနုအောင်