ဟိုပုံးမြို့နယ်တွင် ကော်ဖီစိုက်ဧကပေါင်း (၇၅၀)ကျော်ရှိပြီး ပြည်တွင်း၊ ပြည်ပဈေးကွက်များတွင် တင်ပို့ရောင်းချလျက်ရှိ

ဟိုပုံး မတ် ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကော်ဖီစိုက်ဧကပေါင်း(၇၅၀) ကျော်ရှိပြီး ပြည်တွင်း၊ ပြည်ပဈေးကွက်များတွင် တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

ဟိုပုံးမြို့နယ်တွင် ကော်ဖီစိုက်ဧကပေါင်း (၇၅၀)ကျော်ရှိပြီး အထွက်နှုန်းမှာ တစ်ဧက်လျှင် ကော်ဖီသီး (၁၀၀၀-၁၅၀၀) ပိဿာကြား ထွက်ရှိပါသည်။ စိုက်ပျိုးထားသော မျိုးများမှာ ကတ်တွိုင်းမျိုးနှင့် ကတ်တီးမိုးမျိုးများဖြစ်ပြီး (အစားထိုးသီးနှံအဖြစ် လိုအပ်သော မျိုးစေ့/ ပျိုးပင်နှင့် နည်းပညာကို UNODC Project နှင့် ဟိုပုံးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဖြန့်ဝေထားခြင်းဖြစ်သည်) မဲနယ်တောင် ဒေသတွင် အများဆုံး စိုက်ပျိုးထားခြင်းဖြစ်ကြောင်း၊ လက်ရှိစိုက်ပျိုးထားသော အပင်များ၏ သက်တမ်း မှာ(၇)နှစ်ခန့်ရှိပြီဖြစ်ကြောင်း၊ စျေးကွက်တင်ပို့ ရောင်းချမှုအနေဖြင့် ပြည်တွင်း ဈေးကွက်တွင် တောင်ကြီး၊ ရန်ကုန်၊ မန္တလေး၊ မကွေးမြို့၊ ပခုက္ကူမြို့များနှင့် ပြည်ပဈေးကွက်တွင် ထိုင်း၊ ပြင်သစ်၊ စင်္ကာပူ၊ ဩစတေးလျ၊ ဂျပန်၊ အာမေရိကန်၊ နယ်သာလန်နိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိပါကြောင်း၊ ကုန်ပစ္စည်းရောင်းချမှုပုံစံမှာ ပြည်တွင်းဈေးကွက်တွင် ကော်ဖီမှုန့် အနေဖြင့် ရောင်းချပြီး ပြည်ပ ဈေးကွက်တွင်  ကော်ဖီဆံ (Green Bean) အနေဖြင့် ရောင်းချပါကြောင်း၊ ကော်ဖီမှုန့်(၁၀၀၀ ဂရမ်)ကို ကျပ်(၂၅၀၀)ဖြစ်ပြီး ကော်ဖီဆံ(၁ ကီလိုဂရမ်)ကို ကျပ်(၈၅၀၀)ဖြစ်ပါကြောင်း၊ ကော်ဖီစိုက်ပျိုးရန် တစ်ဧက ကုန်ကျစရိတ်အနေဖြင့် ပထမနှစ်တွင် ကျပ်(၂၈)သိန်းကျော် ကုန်ကျမည်ဖြစ်ပြီး နှစ်စဉ်ပြုစု ထိန်းသိမ်းစရိတ်များ ဆက်လက် ကုန်ကျမည်ဖြစ်ပါကြောင်း၊ ဟိုပုံးမြို့နယ်၊ မဲနယ်တောင်‌ဒေသ၊ စံဖူး ကျေးရွာအုပ်စု၊ ဗန်းစောက်ကျေးရွာမှာ ထွက်ရှိသော ကော်ဖီမှာ ၂၀၁၈ ခုနှစ် မြန်မာနိုင်ငံ ကော်ဖီအရည် အသွေးပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သော အထူးတန်းဝင်ကော်ဖီဖြစ်ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)