မော်လမြိုင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဌာနဆိုင်ရာများနှင့် ကျေးလက်နေ တောင်သူများ လယ်ယာဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံဆွေးနွေး

ကျိုက်မရော မတ် ၈

မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တွင် ကျေးလက်နေ ပြည်သူများလယ်ယာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရည်အသွေး ပြည့်မီသည့် သီးနှံများစိုက်ပျိုးနိုင်ရန်အတွက် မော်လမြိုင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ၊ ခရိုင်အဆင့် တာဝန်ခံများနှင့် ကျေးလက်နေ တောင်သူများ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန (ရွှေဟင်္သါ) ခန်းမ၌ ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲဝင် ဒုတိယဗိုလ်မှူးကြီး ဦးအောင်ဇော်ဟိန်းက အဖွင့်အမှာစကား ပြောကြားပြီး စိုက်ပျိူးရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသိန်းအောင်သန်းနှင့် ရွှေဇီဝမြေသြဇာမှ ပါမောက္ခဒေါက်တာခင်ဆွေအေးတို့မှ စိုက်ပျိုးရေး နည်းစနစ်များ၊ သဘာဝဇီဝ မြေသြဇာ ထုတ်လုပ်သုံးစွဲမှူ နည်းပညာရပ်များ နှင့်ပတ်သက်၍ တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးတင်ဌေးက မွေးမြူရေးနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာသော တောင်သူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ သက်ဆိုင်ရာ ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကာ ရွှေဇီဝမြေသြဇာများနှင့် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများကို တောင်သူများထံသို့ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး(ကျိုက်မရော)