သီပေါ မတ် ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေး ဆွေးနွေးပွဲတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်စန်းစန်းသွယ်က မသန်စွမ်းသူ အမျိုးအစားအလိုက် အခွင့်အရေးများ တန်းတူရရှိနိုင်စေရန် ဥပဒေများ ပြဌာန်းထားပါကြောင်း၊ မသန်စွမ်းသူဆိုတဲ့နေရာမှာ မွေးရာပါ မသန်စွမ်းခြင်းဖြစ်စေ၊ အရွယ်ရောက်ပြီးမှ ထိခိုက်မှုကြောင့် ဖြစ်ပေါ်လာသော မသန်စွမ်းခြင်းဖြစ်စေ ဘယ်လိုမသန်စွမ်းမှု အမျိုးအစားပဲဖြစ်ဖြစ် ဥပဒေပါတဲ့ အခွင့်အရေးများကို ရရှိခံစားရမှာဖြစ်ပါကြောင်း၊ မသန်စွမ်းသူများ အခွင့်အရေး ဥပဒေ၏ ရည်ရွယ်ချက်သည် မသန်စွမ်းသူများအား ပိုမိုပြီးပြုစုစောင့်ရှောက်နိုင်စေရန်၊ နိုင်ငံသားတိုင်းရရှိသည့် အခွင့်အရေးများအတိုင်း မသန်စွမ်းသူများလည်း လွတ်လပ်စွာ ရရှိနိုင်စေရန်၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးယဉ်ကျေးမှု၊ ပညာရေး၊ ကျန်းမာရေး စသည့် နယ်ပယ်အသီးသီးတွင်လည်း အခြားသူများနည်းတူ နေထိုင်ခွင့် ပေါင်းစည်းသွားခွင့် များကို ရရှိစေရန် ရည်ရွယ်ပါကြောင်း ဆွေးနွေးခဲ့သည်။
ဆက်လက်၍ မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာ၊ စွမ်းရည်၊ စွမ်းဆောင်နိုင်မှုများကို အသိအမှတ် ပြုကြရမှာဖြစ်ပါကြောင်း၊ မသန်စွမ်းသူများ၏ ဘဝလုံခြုံမှုများ၊ နည်းမျိုးစုံဖြင့် ခွဲခြား ဆက်ဆံမှုများ၊ အကြမ်းဖက်မှုများ လျော့နည်းပပျောက်အောင် ဥပဒေအရ ကာကွယ်ပေးနိုင်ရန် ဥပဒေများ ပြဌာန်း ထားခြင်း ဖြစ်ပါကြောင်း၊ မသန်စွမ်းသော အမျိုးသမီးများ၊ မိဘမဲ့ကလေးငယ်များ၊ ခိုကိုးရာမဲ့ ကလေးများအား ကာကွယ်ပေးနိုင်ရန် လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်ထားသော ကျောင်းများတွင် အပ်နှံပြီး ဘဝတစ်သက်တာ အသက်မွေးဝမ်းကျောင်း နည်းလမ်းကောင်းများကို သင်ယူစေခြင်းအားဖြင့် မသန်စွမ်းမှု အမျိုးအစားများကို လျှော့ချစေနိုင်မှာ ဖြစ်ပါကြောင်း စသည်ဖြင့် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန် သက်ဆိုင်ရာ ကဏ္ဍများအလိုက် အသိပညာပေး ဆွေးနွေးပွဲ (Talk Show) များကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ လစဉ်ပြုလုပ် ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အဆိုပါ အသိပညာပေး ဆွေးနွေးပွဲ (Talk Show) များကို သီပေါမြို့နယ်ရုံးမှ ဖွင့်လှစ်ထားသောWe Love Hsipaw Facebook Page တွင် လွှင့်တင်ပေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်လေး