သီပေါ မတ် ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ပန်းတိမ်မြောက်ရပ်ကွက်ရှိ စိုးပိုင် ဆီစက်မှ ထုတ်လုပ်ရောင်းချနေသော စားသုံးဆီများ ထုတ်လု်ပရောင်းချနေမှုအခြေအနေနှင့် လုပ်ငန်းလိုင်စင်မှတ်ပုံတင်ထားမှု အခြေအနေများကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါဆီစက်တွင် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးက စိုးပိုင် ဆီစက်လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ စားသုံးဆီ ထုတ်လုပ်ရောင်းချရာတွင် ကုန်ကြမ်းမှ ကုန်ချောသို့ ရောက်ရှိပုံ အဆင့်ဆင့် အခြေအနေများ၊ သက်ဆိုင်ရာ လုပ်ငန်းလိုင်စင်များ မှတ်ပုံတင်ထားရှိမှု အခြေအနေများ၊ ထုတ်လုပ်သည့် စားသုံးဆီများ ဈေးကွက်သို့ ရောင်းချရာတွင် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ် အသားများ ဖော်ပြ ထားရှိမှုနှင့် ကုန်စည်အပေါ် အာမခံချက်ပေးထားခြင်းများအတွက် ဆွေးနွေးခဲ့သည်။
သီပေါမြို့နယ်တွင် လက်ရှိ စားသုံးဆီဈေးနှုန်းများ အနေဖြင့် (၁)ပိဿာလျှင် ပဲဆီ(ရှယ်)(၇၈၀၀)ကျပ်၊ ပဲဆီရိုးရိုး(၇၆၀၀)ကျပ်၊ စားအုံးဆီ (၇၆၀၀)ကျပ်၊ ဟင်းရွက်ဆီ(၇၆၀၀)ကျပ် ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း (၁)ပိဿာလျှင်(၁၅၀၀)ကျပ်အထိ မြှင့်တက်လျက်ရှိကြောင်း၊ ဈေးနှုန်းများတည်ငြိမ်မှုမရှိဘဲ အပြောင်းအလဲ များ ဖြစ်ပေါ်လျက်ရှိကြောင်းနှင့် မြို့နယ်အတွင်း ကျန်ရှိနေသော ဆီစက်များသို့ ဆက်လက်ကွင်းဆင်း စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။
ခင်လေး