ထန်းတပင်(ရန်ကုန်) မတ် ၈
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူများအား မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးသတိမူရေးနှင့် မီးဘေးအန္တရာယ်များကို ကြိုတင်၍ ကာကွယ်ဆောင်ရွက်နိုင်ရန်အတွက် သတိပြုလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား အသိပညာပေးနှိုးဆော်မှုများလုပ်ငန်းကို မြို့နယ်အတွင်းဆောင်ရွက်လျက်ရှိသလို ဌာနဆိုင်ရာရုံးများ၊ စက်ရုံအလုပ်ရုံများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင်လည်း မီးဘေးလုံခြုံရေးအသိပညာပေးခြင်းနှင့် လက်တွေ့မီးငြိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းလုပ်ငန်းများကိုပါ ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
အသိပညာပေး လုပ်ငန်းများဆောင်ရွက်ရာတွင် မတ်လ(၈)ရက်နေ့၊ နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနနှင့် အမှတ်(၆၂) ယာဉ်ထိန်းတပ်ဖွဲ့စု(ထန်းတပင်)တို့ပူးပေါင်း၍ ယာဉ်ထိန်း တပ်ဖွဲ့စုမှူးရုံးတွင် ရုံးမီးဘေးလုံခြုံရေးဆွေးနွေးဟောပြောခြင်းနှင့် မီးဘေးလုံခြုံရေးကြိုတင် ဇာတ်တိုက်လေ့ကျင့်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မီးဘေးကြိုတင်ကာကွယ်ရေးဟောပြောရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးမိုးမင်းအောင်က လျှပ်စစ်ကြောင့် မီးလောင်မှုဖြစ်ပွားနိုင်သည့် အကြောင်းအရင်း များ၊ မီးလောင်မှုဖြစ်ပွားသည့် အရေးပေါ်အခြေအနေများ ဖြစ်ပေါ်လာပါက လိုက်နာ ဆောင်ရွက်ရမည့်နည်းလမ်းများ၊ မီးလောင်ကျွမ်းမှုအမျိုးအစားများကို ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များအား ရှင်းလင်းပြောကြားခဲ့ကာ မီးသတ်ဆေးဘူးအသုံးပြု၍ စနစ်တကျလက်တွေ့ မီးငြှိမ်းသတ်ခြင်းနည်းစနစ်များကိုလည်း ပြသဆောင်ရွက်ခဲ့ကြပြီး အမှတ်(၆၂)ယာဉ် ထိန်းတပ်ဖွဲ့စု (ထန်းတပင်)မှ ဒုရဲမှူးသက်နောင်နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များကလည်း မီးသတ်ဆေးဘူးအသုံးပြုကာ လက်တွေ့မီးငြှိမ်းသတ်ခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)