ကျိုက်ထို မတ် ၈
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁/၂၀၂၂)ကို ယနေ့နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းစိုးက အမှာစကားပြောကြားပြီး သထုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်မိုးမိုးက ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဆောင်ရွက်နေမှုများနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် တက်ရောက်လာသူတို့က ကော်မတီဖွဲ့စည်းထားရှိမှုအား လက်ရှိ အခြေအနေနှင့် ကိုက်ညီမှုရှိအောင် ပြန်လည်ဖွဲ့စည်းနိုင်ရေး၊ ကလေးသူငယ်များ၏ စိတ်ပိုင်း/ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများမရှိစေရေး၊ ပြည်သူများအနေဖြင့် အကြမ်းဖက်ခံရသည့် ကလေးသူငယ်များ တွေ့ရှိပါက နီးစပ်ရာ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးရုံးများနှင့် မြို့နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီထံသို့ သတင်းပေးပို့နိုင်ရေး၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ မြို့နယ်ရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ လေလွင့်ကလေးသူငယ် စာရင်းများအား ကောက်ယူတင်ပြသွားရေး စသည်တို့ကို ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ သထုံခရိုင် လူမှု၀န်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ၀န်ထမ်းများ၊ မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ၀င်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ တက်ရောက်ကြကြောင်း သိရသည်။
၀င်းမောင်(ကျိုက်ထို)