တောင်ကြီး မတ် ၈
ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့နည်းပပျောက်စေရန် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး COVISHIELD ပထမအကြိမ်ထိုးနှံပြီးသူများကို မတ်လ ၇ ရက်နေ့ နံနက် ၉ နာရီမှ စတင်၍ မြို့နယ်အားကစားခန်းမတွင် ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ထိုးနှံပေးရာတွင် စေတနာ့ဝန်ထမ်းများက ဆေးထိုးရန်လာရောက်သူများအား နေရာချထားပေးခြင်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက စာရင်း မှတ်တမ်းရေးသွင်းကောက်ယူခြင်း၊ ကျန်းမာရေးဌာနမှဝန်ထမ်းများက ကျန်းမာရေးစစ်ဆေးပေးခြင်း တို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးများကို စနစ်တကျထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းကို တောင်ကြီးမြို့နယ် အားကစားခန်းမတွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ လ ၃၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၄ ရက်နေ့အထိ ကိုဗစ်-၁၉ ကာကွယ်ဆေး COVISHIELD ပထမ အကြိမ် ထိုးနှံပြီးသူများအား မတ်လ ၇ ရက်နေ့မှ ၉ ရက်နေ့၊ နံနက်(၉)နာရီမှ နေ့လည် ၁၂ နာရီ အထိလည်းကောင်း ၊ မွန်းလွဲ ၁ နာရီမှ ညနေ ၃ နာရီထိ လည်းကောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ဒုတိယအကြိမ်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် ယမန်နေ့ညနေအထိ ၆၉၃ ဦးအား ကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။
ဇော်နိုင်လင်း