ရန်ကုန် မတ် ၈
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ပြည်သူများ မီးသတိပြု သုံးစွဲနိုင်စေရန်နှင့် မီးလောင်မှုများ မဖြစ်ပွားစေရန် ရည်ရွယ်၍ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးရန်နိုင်ဖြိုးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ယနေ့နံနက်(၈) နာရီအချိန်က အင်းစိန် မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ မီးသတ်ယာဉ်ဖြင့် လှည့်လည်နှိုးဆော်ခဲ့သည်။
အဆိုပါ အသိပညာပေး နှိုးဆော်ရာတွင် ပူပြင်းခြောက်သွေ့သော နွေရာသီသို့ ရောက်ရှိလာပြီးဖြစ်သည့် အတွက် ပြည်သူများအနေဖြင့် မီးချိတ်၊ မီးကပ်၊ သဲ၊ ရေ ပြည့်စုံစွာ ထားရှိကြရန်၊ မီးဖိုမီးသုံးစွဲပြီးပါက မီးကြွင်း မီးကျန်မရှိစေရေး စနစ်တကျ ငြိမ်းသတ်ကြရန်၊ လျှပ်စစ်မီး သုံးစွဲရာတွင်လည်း သတိပြု သုံးစွဲကြရန်၊ လျှပ်စစ်မီးကြိုးများ ကောင်းမွန်မှု ရှိ/မရှိ စစ်ဆေးထားကြရန်၊ လျှစ်စစ်မီး သုံးစွဲပြီးသည့် အခါတိုင်း မီးခလုပ်များကို သေချာစွာ ပိတ်ထားကြရန်၊ အိမ်ပြင်ပသို့သွားလျှင် မီးမိန်းများကို ချထားကြရန်၊ နေအိမ်အတွင်းနှင့် နေအိမ်ပြင်ပတွင် မီးလောင်လွယ်သည့် အမှိုက်များကို ရှင်းထားကြရန်၊ ယာဉ်ပိုင်ရှင် များအနေဖြင့် မိမိတို့၏ မော်တော်ယာဉ်ပေါ်တွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူး များ ဆောင်ရွက်ထားရှိရန်နှင့် အမှိုက်များအား စည်းကမ်းမဲ့မီးရှို့ခြင်း မပြုလုပ်ကြရန်စသည့် အသိပညာပေး နှိုးဆော်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
အင်းစိန်မြို့နယ်၊ မီးသတ်ဦးစီးဌာနအနေဖြင့် မိဘပြည်သူများ မီးဘေးအန္တရာယ် ကြုံတွေ့ လာပါက လည်း အရေးပေါ်ဖုန်းနံပါတ် ၁၉၁၊ အင်းစိန်မြို့နယ်၊ မီးသတ်ဦးစီးဌာန၊ ဖုန်းနံပါတ် ၀၁၃၆၄၀၀၇၀ သို့ ဆက်သွယ်နိုင်ပါကြောင်း အသိပညာပေး နှိုးဆော်ထားကြောင်း သိရသည်။
ဇွဲထက်ကို