ဒဂုံအရှေ့ မတ် ၈
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ Ming Cheng(မင်းချိန်) ဖိနပ်စက်ရုံ၊ ပူစီကိတ်စက်ရုံ၊ ဦးဦးခေါက်ဆွဲစက်ရုံ၊ ရွှေဒိုင်းတစ်သျှူးစက်ရုံ၊ ငွေဆည်တော်မုန့်မျိုးစုံစက်ရုံတို့အား ယမန်နေ့နံနက် ၁၀ နာရီ က ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ လုပ်ငန်းခွင်နှင့်ပတ်ဝန်းကျင် ကျန်းမာရေး၊ စစ်ဆေးရေးအဖွဲ့မှ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းခွင်များတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါစက်ရုံများသို့ အရှေ့ပိုင်းခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာ ရဲထက်အောင်၊ အလုပ်ရုံနှင့်အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဝင်း၊ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဇော်မိုးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဇင်လင်းမောင်တို့က သွားရောက် စစ်ဆေးရာတွင် Physical Distancing အတွက် ၆ပေ တိကျသောအကွာအဝေး ရှိစေရန် ကြမ်းပြင်ပေါ်တွင် အမှတ်အသားရှိ/မရှိ၊ အလုပ်တက်/ဆင်းချိန်မတူညီ စေရန်စီစဉ်ထားရှိမှု၊ ထမင်းစားချိန် မတူညီစေရန်၊ အလုပ်သမားတိုင်းအတွက် ပါးစပ်၊ နှာခေါင်းစည်းများ၊ လက်အိတ်များ တပ်ဆင်ထားရှိမှု၊ ကိုဗစ်-၁၉လက္ခဏာများ ခံစားနေရသည့် ဝန်ထမ်းများကို လုပ်ငန်းခွင်သို့ မဝင်ရောက်စေဘဲ ကျန်းမာရေး ဌာနသို့မည်သို့မည်ပုံ သွားရောက်ဆေးကုသပေးမည့်အကြောင်းကို ကြိုတင်တွက်ဆ စီစဉ်ရေးဆွဲ ဆောင်ရွက်ထားရန်၊ အလုပ်ခွင်သို့မဝင်ရောက်ရမည့် အချက်များကို Vinyl ဖြင့် ထင်ရှားစွာရေးသားထားရှိရန်၊ ကိုယ်အပူချိန်တိုင်းသည့် ဝန်ထမ်းအား Masks၊ Gloves၊ Apron၊ Faceshield အပြည့်အစုံထောက်ပံ့ပေးထားရန်၊ အဖုံးနှင့်ခြေနင်းပါသည့် အမှိုက်ပုံးများကိုအသုံးပြုရန်၊ ဝန်ထမ်းအိပ်ဆောင်များ သတ်မှတ်ချက်နှင့်အညီပြုပြင်ရန်၊ လေဝင်၊ လေထွက် ကောင်းမွန်ရေးနှင့် Aircon လေစစ်ဇကာများ ပုံမှန်သန့်ရှင်းရေးပြုလုပ်မှု မှတ်တမ်းထားရှိရန် စသည့် အချက်များ ဆောင်ရွက်ထားရှိမှု ရှိ/ မရှိတို့ကို ကြည့်ရှု့စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပြောကြားခဲ့ကြောင်း သိရသည်။
ဝင်းအိမွန် (ပြန်/ဆက်)