ပျိုးပင်မျိုးစုံရောင်းအားကောင်းခြင်းကြောင့် ပျိုးပင်ပျိုးထောင်ရောင်းချမှုများလာ

ကျောက်ပန်းတောင်း    မတ်    ၇

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ဆည်ပေါက်ကျေးရွာသည် သစ်ပင်မျိုးစုံးပျိုး (မျိုး)ထောင်ကာ မြန်မာ တစ်နိုင်ငံလုံး အနယ်နယ်အရပ်ရပ်သို့ တင်ပို့ရောင်းချခြင်းဖြင့် လူသိများသည့် ကျေးရွာတစ်ရွာဖြစ်ကာ စိုက်ပျိုးသည့် ပျိုးပင်တိုင်းရောင်းချရခြင်းကြောင့် ပျိုးထောင်ရောင်းချသူရော တစ်ဆင့်ရောင်းချသည့် ပွဲစားများပါ တွက်ခြေကိုက်ရောင်းအား ကောင်းလျက်ရှိကြောင်း အွန်လိုင်းမှ သစ်ပင်မျိုးစုံရောင်းချပေးနေသည့် ဆည်ပေါက်ကျေးရွာ ဒေါ်အေးရွှေထံကသိရသည်။

ဆည်ပေါက်ကျေးရွာသည် ကျောက်ပန်းတောင်းမြို့နှင့်ပုပ္ပားတောင်ကလပ်ကြား ကားလမ်းမကြီး တဘက်တချက်စီတွင်တည်ရှိပြီး ဆည်ပေါက်ရွာလယ်မှ ကားလမ်းဖြတ်သွားသည့် ကျေးရွာဖြစ်ကာ ပျိုးပင်ပျိုးထောင်ရောင်းချခြင်းသည် အဓိကစီးပွားဖြစ်လုပ်ငန်း ဖြစ်ကာ တောင်သူယာလုပ်ငန်း ဖြင့်တွဲ ဖက်လုပ်ကိုင်ခြင်းလုပ်ငန်းများ လုပ်ကိုင်ကြကြောင်း ပန်းဂေဟာသစ်ပင်မျိုးစုံရောင်းဝယ်ရေး လုပ်ငန်း လုပ်ကိုင်သည့် ဦးသောင်းရီကပြောကြားသည်။ ဆည်ပေါက်ကျေးရွာသည် နှစ်ရှည်သစ်ပင်မျိုးနှင့် သစ်သီး၊ ပန်းမန်ပင်မျိုးစုံ ရောင်းချခြင်းဖြင့် နာမည်တစ်လုံးထင်ပေါ်နေသောကျေးရွာတစ်ရွာဖြစ်ပြီး သရက်မျိုးစုံ၊ ပိန္နဲ၊ ဗန်ဒါပင်၊ မာလကာမျိုးစုံ၊စန္ဒကူး ၊ နံ့သာနီ၊ သနပ်ခါး၊ အုန်းပင်ပေါက်၊ ဝါးအမျိုးမျိုး၊ တောထန်း၊ မယ်ဇယ်ခေါ် ပဉ္ဇူသကနတ်ပန်း၊ စကားဝါ ၊ စကားစိမ်း၊ စွံပလွန်၊ စသည့် နှစ်ရှည်ပင်များနှင့် စပယ်၊ မြလေး၊ နှင်းဆီအမျိုးပေါင်း တစ်ရာကျော်၊ ကံ့ကော်၊ရွှေပန်း၊ ငွေပန်း ၊သစ်ခွအမျိုးမျိုးတို့အား ပျိုးထောင်ရောင်းချကြကြောင်း၊ ဆူးပုတ်ကြီး၊ ဆူးပုတ်လေး ၊ပေါက်ပန်းဖြူ ၊ပေါက်ပန်းနီ၊ ဒန့်သလွန်၊ ဩဇာပင်များပါ မကျန်ပျိုးထောင်ကြပြီး အိမ်/ခြံအရောက်လာယူဝယ်ကြခြင်း၊ ဖုံးဖြင့်ဝယ်ယူလာခြင်းနှင့် အွန်လိုင်းမှရောင်းချခြင်းများလည်း တွင်ကျယ်စွာ ရောင်းချရကြောင်း သစ်ပင်မျိုးစုံမှာယူသည့် မြို့များသို့ ကားဂိတ်မှတစ်ဆင့် ပို့ဆောင်ကာရောင်းချခြင်းဖြင့် ဝန်ဆောင်မှုပေးရောင်းချနေသည့် ဒေါ်ဖူးဖူးက ပြောကြားသည်။ ဆည်ပေါက်ကျေးရွာတွင် စီးပွားဖြစ်ပျိုးဥယျာဉ်အမြောက်အများ ရှိပြီး တစ်နိုင်တစ်ပိုင် ပျိုးထောင်ရောင်းချခြင်းသည် အိမ်တိုင်းလုပ်ကိုင်ကြကြောင်းသိရပြီး တစ်နှစ်လျှင် တစ်ရွာလုံးပေါင်း ပျိုး (မျိုး)ပင်ရောင်းချရမှု အပင်နှစ်သိန်းအထက်ရှိကြောင်း ဆည်ပေါက်ကျေးရွာနေ ဦးညွန့်အောင်က ပြောကြားသည်။

ဆည်ပေါက်ကျေးရွာမှ နှစ်ရှည်သစ်ပင်ပျိုးပင်ပေါက်များနှင့် ပန်းပင်၊ ပန်းအလှပင်၊ သစ်သီးသစ်ပင်များ အား ကယားပြည်နယ် လွိုင်ကော်မြို့၊ ရန်ကုန်မြို့၊ မန္တလေးမြို့ ၊ မကွေး၊ မိတ္ထီလာ၊ တောင်တွင်း၊ တောင်ငူမြို့များသို့ အများဆုံးပို့ပေးရောင်းချနေရပြီး ပို့ပေးသည့် ပျိုးပင်များ မနာမကျိုးပဲ့စေရန် သတင်းစာ၊ ဂျာနယ်စက္ကူများဖြင့် ပတ်ကာပို့ပေးကြောင်း သိရသည်။

ကိုထိန်၊ KPD