ကျောက်ဆည်မြို့၊ မြို့ဦးရပ်ကွက်တွင် အိမ်ထောင်စု(၁၁၀၂)စု ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အမှတ်(၂) လမ်းအား ကတ္တရာထပ်ပိုးလွှာ ခင်းပေးရာ ရာနှုန်းပြည့်ပြီးစီး

ကျောက်ဆည်    မတ်   ၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် မြို့ဦးရပ်ကွက်မှ အိမ်ထောင်စု (၁၁၀၂)စု ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် အမှတ်(၂)လမ်းအား ကတ္တရာထပ်ပိုးလွှာ ခင်းပေးလျက်ရှိရာ လုပ်ငန်းများရာနှုန်းပြည့် ပြီးစီပြီဖြစ်ကြောင်း သိရှိရသည်။

ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေကျပ် (၄.၆၂၈) သန်း အကုန်အကျခံကာ မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သတ်မှတ်အရည်အသွေးနှင့် သတ်မှတ်ကာလ အတွင်းပြီးစီးရေး တာဝန်ယူပြီး အရှည်(၄၀၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၉)လက်မ ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်းနှင့် ကတ္တရာထပ်ပိုးလွှာခင်းပေးခြင်းကြောင့် မြို့ဦးရပ်ကွက် အတွင်းမှ အိမ်ထောင်စု (၁၁၀၂) စု၊ လူဦးရေ(၄၉၉၈)ဦး အချိန်ရာသီမရွေး လွယ်ကူလျှင်မြန်စွာ ဖြတ်သန်းသွားလာနိုင်တော့ မည်ဖြစ်ပြီး လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍစုံ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒေသဖွံ့ဖြိုးရေးအတွက် သောက်သုံးရေများ တိုးချဲ့ပေးဝေခြင်း၊ မြို့တွင်းလမ်းများ အား ကတ္တာထပ်ပိုးလွာခင်းပေးခြင်း၊ အရိပ်ရအပင်များနှင့် ပန်းအလှပင်များ စိုက်ပျိုးခြင်း၊ ရေနှုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်ရေး ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

သက်မောင်