ယခင်နှစ်ထက်ဝါးခြင်းတောင်းဈေးကောင်းရရှိ၍ ဝါးခြင်းတောင်းရက်လုပ်ရောင်းချသူများ ဝင်ငွေပိုမိုရရှိ

မိတ္ထီလာ မတ်

မိတ္ထီလာမြို့နယ်၌ဝါးခြင်းတောင်းရောင်းချရာတွင် ‌‌ယခင်နှစ်ထက်ဈေးကောင်းရရှိ ဝါးခြင်းတောင်း ရက်လုပ် ရောင်းချသူများ မိသားစုဝင်ငွေပိုမိုရရှိအဆင်ပြေလျက်ရှိကြောင်း ကန်တိုင်ပေါက်ကျေးရွာမှ ဝါးခြင်းတောင်း ရက်လုပ်ရောင်းချသူ ဦးလှထွန်းထံက သိရသည်။

ယခင်နှစ်တွေတုန်းက ဝါးခြင်းတောင်း တစ်လုံးကို ၁၅ဝဝကျပ်ကနေ ၁၇ဝဝ ကျပ်အထိပဲ ရောင်းရပေမယ့် ဒီနှစ်ဝါးခြင်းတောင်း တစ်လုံးကို ၂ဝဝဝ ကျပ် အထိ ရောင်းချနေရ တာမို့ မိသားစုဝင်ငွေပိုမိုရရှိပြီး အဆင်ပြေတယ်လို့ ပြောနိုင်ပါတယ်။ မိတ္ထီလာဈေးကြီးအတွင်းက ဝါးခြင်းတောင်းရောင်းချဆိုင်တွေဆီကိုပဲ တင်ပို့ ရောင်းချရတာပါ။  ဈေးဆိုင် အရောက် ဝါးခြင်းတောင်းတစ်လုံး ၂ဝဝဝ ကျပ်နဲ့ရောင်းချရတာဖြစ်ပေမယ့် အခုလတ်တလောတော့ ရွာအထိ သုံးဘီးဆိုင်ကယ်ယာဉ်နဲ့ ကိုယ်တိုင်လာရောက်ဝယ်ယူတာလည်း ရှိတော့ သယ်ပို့တဲ့ကုန်ကျစရိတ်လည်း သက်သာပါတယ်ဟု ကန်တိုင်ပေါက်ကျေးရွာတွင်နေထိုင်ပြီး တစ်ပိုင်တနိုင် မိသားစုဝင်ငွေရလုပ်ငန်းအဖြစ် ဝါးခြင်းတောင်းရက်လုပ် ရောင်းသူ ဦးလှထွန်းက ပြောသည်။

ဝါးခြင်းတောင်းရက်လုပ်တဲ့ဝါးတစ်လုံးကို ၃၇ဝ ကျပ်နှုန်းနဲ့ဝယ်ရတယ်။ ပြန်ပြီးရက်လုပ်ရောင်းချတဲ့အခါမှာ ဝါးတစ်လုံးကို ခြင်းတောင်းတစ်လုံးပဲထွက်ရှိပါတယ်။ ဝါးခြင်း တောင်းရက်လုပ်တဲ့လုပ်ငန်းက မိသားစုဦးရေ များတဲ့သူ တွေဆို ပိုမိုပြီး လုပ်ငန်းတွင်ကျယ်အဆင်ပြေပါတယ်။ အိမ်မှာတော့ လတ်တလော မိသားစုဝင် ၃ ဦးက ရက်လုပ်တာ တစ်နေ့ကိုပုံမှန်ရက်လုပ်တာဝါးခြင်းတောင်း၁၅ လုံးအထိ ရက်လုပ်ပြီးစီးပါတယ်။ ညပိုင်းပါ ရက်လုပ်မယ် ဆိုရင်တော့ တစ်နေ့ကို ဝါးခြင်းတောင်း ၂ဝ လုံးကနေ ၂၅ လုံးအထိ ပြီးစီးနိုင်ပါတယ်ဟု ၎င်းက ဆက်လက်ရှင်းပြသည်။ မိတ္ထီလာဒေသရှိကျေးရွာများတွင် တောင်သူလုပ်ငန်းနည်းပါးသည့် နွေရာသီကာလတွင် ဝါးခြင်းတောင်း ရက်လုပ်ရောင်းချ သည့် အိမ်တွင်းမိသားစုဝင်ငွေရလုပ်ငန်းအဖြစ် တစ်ပိုင်တနိုင်လုပ်ကိုင်ကြသည်။ အဆိုပါဝါးခြင်းတောင်းများကို သရက်သီး၊ ခရမ်းချဉ်သီး ထည့်၍ သိမ်းဆည်းသယ်ဆောင်ရာ တွင် အသုံးပြုမှုများပြားပြီး ၎င်းသီးနှံများ ခူးဆွတ်ထွက်ရှိချိန်များ၌ ဝါးခြင်း တောင်းများ ပိုမိုရက်လုပ်ရောင်းချရကြောင်းသိရသည်။

ချမ်းသာ