ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်

မောင်တော မတ် ၆

ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းကို မြို့နယ် မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ယမန်နေ့ ညနေပိုင်းက  မြို့ပေါ်ရပ်ကွက်များအတွင်း နှိုးဆော်ခဲ့ကြသည်။

ထို့သို့ ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး  ဦးတင်စော ဦးဆောင်၍ တပ်ဖွဲ့ဝင်များက ယခုအခါပွင့်လင်းရာသီသို့ ရောက်ရှိနေပြီဖြစ်ပါသဖြင့် မိဘပြည်သူများ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာ/ရုံးများတွင် မီးဘေး လုံခြုံရေးအတွက် မီးသတ်ဦးစီးဌာနမှ ချမှတ်ထားသော စည်းကမ်းချက်များနှင့် လိုက်နာ ဆောင်ရွက်ထားရှိကြရန်နှင့် မော်တော်ယာဉ်များ၊ စက်သုံးဆီဆိုင်များ၊ ဟိုတယ်များ၊ တည်းခိုရိပ်သာများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အဦများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ပုဂ္ဂလိကရုံးများ၌ မီးဘေးကြိုတင် ကာကွယ်ရန် ထားရှိအပ်သော ရှေးဦးမီးငြှိမ်းသတ်ရေး ပစ္စည်းများဖြစ်သည့် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံး၊ မီးသတ်ဆေးဘူးများ တပ်ဆင်ထားရှိကြရန် လိုအပ်ကြောင်း နှင့် မီးလောင်မှု ဖြစ်ပွားပါက  မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များအား ပြည်သူ့လူထုများ သိရှိနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များအတွင်း အသိပေးလိုက်လံနှိုးဆော် ခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး(ခရိုင် ပြန်/ဆက်)