တုံတာ မတ်လ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် အသက် နှစ်နှစ်အောက်ကလေးငယ်များ အား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉နာရီခန့်က တုံတာမြို့ ပြည်သူ့ ဆေးရုံတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရာတွင် တုံတာမြို့ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီး ကျန်းမာရေးဆရာမ ဒေါ်နန်းလှအေးနှင့် ကျန်းမာရေးဝန်ထမ်းများက ကာကွယ် ဆေးလာရောက်ထိုးနှံသော ကလေးငယ်များအား ကိုယ်အလေးချိန်တိုင်းတာခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် စနစ်တကျ လက်ဆေးခြင်းများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက် များနှင့်အညီ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါပုံမှန်ကာကွယ်ဆေးတွင် ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက် အမြှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပြင်းထန် အဆုတ်ရောင်၊ ပိုလီယိုကာကွယ် ဆေး သောက်ဆေးနှင့် ထိုးဆေး၊ ဝက်သက်၊ ဂျိုက်သိုး အစရှိသော ကာကွယ်ဆေးများ ပါဝင်ကြောင်း တုံတာမြို့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
လှိုင်လှိုင်ငြိမ်း