နမ္မတူမြို့နယ်တွင် အသက် (၁၈)နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူ ၂၅၅ဦးအားဒုတိယအကြိမ် Sinopharm အမျိုးအစား ကိုဗစ်ကာကွယ်ဆေးများထိုးနှံပေး

နမ္မတူ  မတ်   ၅

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ရေးကော်မတီအနေဖြင့် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးများထိုးနှံပေး လျက်ရှိရာ ယမန်နေ့တွင် ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ အသက် (၁၈)နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူ ၂၅၅ဦးအား ဒုတိယအကြိမ် Sinopharm အမျိုးအစား    ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှ သိရ သည်။

ထိုသို့ကာကွယ်ဆေးများထိုးနှံပေးရာတွင် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၉)ရက်နေ့မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၃)ရက်နေ့အတွင်း ပထမအကြိမ် Sinopharm အမျိုးအစားကာကွယ် ဆေးထိုးနှံထားသည့် ပြည်သူများထဲမှ ဆေးထိုးရန်လာရောက်သည့်ပြည်သူ ၂၅၅ဦးအား ဆေးထိုးနေရာ နှစ်နေရာခွဲ၍ ဒုတိယအကြိမ် ကာကွယ်ဆေးများ ထိုးနှံပေးခြင်းဖြစ်ပြီး ယနေ့တွင်လည်း ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာနေရာသို့ မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းက အနီးကပ်ကြီးကြပ်လျက်  မြို့နယ်ပြည်သူ့ကျန်းမာ ရေးနှင့်ကုသရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များမှ စေတနာ့ ဝန်ထမ်းများက  ဆေးထိုးရန်လာရောက်သည့် တိုင်းရင်းသားပြည်သူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ အောက်ဆီဂျင် တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ စာရင်းအချက်အလက်များ ကောက်ယူပေးခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များ ဖြန့်ဝေပေးခြင်းနှင့် လိုအပ်သည်များကို ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့သည်။

နမ္မတူမြို့နယ်တွင် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက် ရှိရာ ယမန်နေ့ညနေပိုင်းအချိန်အထိ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသည့် ဒေသခံပြည်သူ ၉၃၄၁ဦး၊ ကျောင်းသား/ကျောင်းသူ ၁၀၉၂ဦး၊ ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံပြီးသည့် ဒေသခံပြည်သူ ၃၉၄၅ဦးနှင့် ကျောင်းသား/ကျောင်းသူ ၉၂ဦး၊ စုစုပေါင်းကာကွယ်ဆေး ထိုးနှံပြီးသည့် တိုင်းရင်းသားပြည်သူများနှင့် ကျောင်းသား/ကျောင်းသူ ၁၄၄၇၀ဦးရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းထံက သိရသည်။

လူမော် (ပြန်/ဆက်)