သထုံ မတ် ၅
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ယခုနှစ် ရာဘာရာသီကုန်ဆုံးလုအချိန်၌ အဝယ်လိုက်ပြီး ဈေးကောင်းရနေသောကြောင့် တစ်နိုင်တစ်ပိုင် ရာဘာခြံလုပ်ကိုင်သူများ၊ ခြံသီးစား ဝယ်ယူ လုပ်ကိုင်သူများ၊ ထက်ဝက်စားစနစ်ဖြင့် အစေးခြစ်ယူသူများတို့ စားဝတ်နေရေး အဆင်ပြေ ကြောင်းရာဘာစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူများ၏ ပြောကြားချက်အရ သိရသည်။
"ဒီနှစ်ရာသီစဖွင့်တဲ့အချိန်က ဈေးကောင်းရတယ်လို့ပြောရမယ်၊ ကြားထဲမှာ တစ်ပေါင်ကို ၁၅၀ လောက် ကျသွားသေးတယ်၊ ရာသီအကုန် ဇန်နဝါရီလလောက်စပြီး ဈေးပြန်ရလာတာ အခုဈေး တစ်ပေါင်ကို ၁၂၀၀ ဆိုတာက ဆယ်နှစ်လောက်အတွင်းမှာ ဈေးရတာ အများဆုံးလို့ပြောရမယ်၊ မှိုင်းဈေးနဲ့ နေလှမ်းဈေးက သိပ်မကွာဘူး မှိုင်းတင်ရင် အလုပ်ပိုများတယ်၊ ဒါကြောင့် အများ အားဖြင့် မှိုင်းမတင်ဘဲ ရောင်းကြတယ်" ဟု ဝင်းပကျေးရွာမှ တစ်နိုင်တစ်ပိုင် ရာဘာခြံ လုပ်ကိုင် သူ ဒေါ်မီးငယ်က ပြောသည်။
ယခင်နှစ်က ရာဘာတစ်ပေါင် ၈၀၀ ကျပ်ခန့်ဖြင့် ဈေးဖွင့်ခဲ့ပြီး ယခုနှစ်ခြံဖွင့်ကာလတွင် ၁၁၀၀ ကျပ်ဝန်းကျင် ဈေးနှုန်းရှိခဲ့ကြောင်း ယခုရာသီပိတ်လုအချိန်၌ အဝယ်လိုက်လာသောကြောင့် အမြင့်ဆုံးဈေးဖြစ်သည့် ၁၂၀၀ ကျပ်ခန့် ဈေးပေးဝယ်ယူနေကြောင်း ရာဘာရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးကပြောသည်။
"ရာသီကုန်ခါနီးမှာဘဲ ကော့သောင်းဘက်က ကုန်သည်တွေ အော်ဒါအမှာတွေ များလာတာ ကြောင့် ဈေးလိုက်လာတာပေါ့၊ ဝယ်ယူသူရဲ့ လိုအပ်ချက်ကြောင့် ဈေးရတာလို့ မြင်ပါတယ်၊ ရာဘာအထွက်နှုန်း နည်းလာတယ်လို့ ဆိုရပေမယ့်လည်း တစ်နေ့ကို ပေါင် ခုနှစ်ထောင် ကနေ တစ်သောင်းလောက်အထိ နေ့စဉ် အဝယ်ကရှိနေတယ်" ဟု သုဝဏ္ဏဝတီမြို့၊ သိမ်ဆိပ်ရပ်ကွက်ရှိ ရွှေလက်ဆောင် ရာဘာရောင်းဝယ်ရေးဆိုင်မှ ဆိုင်ရှင်ဖြစ်သူ ဒေါ်ထားရွှေက ပြောသည်။
လက်ရှိအချိန်တွင် သထုံမြိုနယ်အတွင်း ရာဘာမှိုင်းခံပြီး တစ်ပေါင်လျှင် ၁၂၀၀ ကျပ်၊ နေလွတ် တစ်ပေါင် ၁၂၄၀ ကျပ်နှင့် နေလှန်း တစ်ပေါင်လျှင် ၁၀၁၅ ကျပ်မှ ၁၁၁၅ ကျပ်နှုန်းတို့ဖြင့် ဈေးပေါက်နေပြီး ဒေသအလိုက် ဈေးနှုန်းများလည်း ကွာခြားကြောင်း သိရသည်။
ကိုကိုဦး(သထုံခရိုင်ပြန်/ဆက်)