ရန်ကုန် မတ်လ ၅
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ စည်ပင်သာယာ စျေးများတွင် ညအချိန်များ၌ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေး၊ မသင်္ကာဖွယ်ရာ ပစ္စည်းများ မရှိစေရေးနှင့် စျေးများအတွင်း ဘေးကင်းလုံခြုံမှု ရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင် သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် ယမန်နေ့ ညပိုင်းအချိန်က တာမွေမြို့နယ်ရှိ တာမွေ(ယာယီ)စျေးတွင် မီးဘေး အန္တရာယ်မဖြစ်ပေါ်စေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ တာမွေမြို့နယ်ရှိ တာမွေ(ယာယီ)စျေးတွင် ညအချိန်များ၌ မီးကြွင်းမီးကျန်များမှ တစ်ဆင့် မီးဘေးအန္တာရာယ်မဖြစ်ပေါ်စေရေး၊ မသမာသူများထားရှိသော မသင်္ကာဖွယ်ရာ ပစ္စည်းများကြောင့် မီးလောင်ကျွမ်းခြင်းများ မဖြစ်ပေါ်စေရေးနှင့် စျေးသူ/သားများ သိမ်းဆည်းထားရှိသော ကုန်ပစ္စည်းများ လုံခြုံမှုရှိစေရေးတို့အတွက် စဉ်ဆက်မပြတ် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ယခုအခါ ရန်ကုန်မြို့ရှိ စည်ပင်သာယာ စျေးတစ်ချို့တွင် မီးလောင်ကျွမ်းခြင်းများ မကြာခဏဆိုသလို ဖြစ်ပေါ်နေသည့်အတွက် မီးဘေးလုံခြုံရေးကို အဓိကထား စစ်ဆေးခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် စည်ပင်သာယာရေးကော်မတီ အနေဖြင့် တာမွေမြို့နယ်ရှိ တာမွေ (ယာယီ)စျေးအား စျေးအင်္ဂါရပ်နှင့် ပြည့်စုံညီညွတ်မှုရှိ စေရေးအတွက် စျေးအတွင်း သန့်ရှင်းသပ်ရပ်စေရေး၊ လုံခြုံမှုရှိစေရေးနှင့် မြို့နယ်စည်ပင် သာယာရေးကော်မတီမှ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချနိုင်စေ ရေး၊ စျေးအတွင်း ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန် ကူးစက်ပျံ့နှံ့မှု မရှိစေရေး အတွက် အထူးအလေးထား ဆောင်ရွက်နေသလို နွေရာသီကာလ၌ အဆိုပါ တာမွေ(ယာယီ) စျေးအတွင်း မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက်လည်း ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် အသိပညာပေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(တာမွေ)