ရခိုင်ပြည်နယ် မောင်တောမြို့တွင် လျှပ်စစ်ဝါယာကြိုးအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား

မောင်တော     မတ်  ၅

 

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ မြို့မအရှေ့ရပ်ကွက် ၊ ရုပ်ရှင်ရုံလမ်း၌ ယမန်နေ့ ညနေ ၈ နာရီ ၁၀ မိနစ်အချိန်ခန့်က လျှပ်စစ်ဝါယာကြိုးအပူလွန်ကဲရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နှစ်ပင်လိမ်လျှပ်စစ်ဝါယာကြိုး အပူလွန်ကဲပြီး အနီးရှိ အိမ်အကာဖြစ်သည့် မိုးကာစသို့ မီးစတင်ကူးစက်လောင်ကျွမ်းခြင်းဖြစ်သည်။  

မီးလောင်မှုဖြစ်ပွားရာသို့ ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးသန့်ဇင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် ဦးစီးမှူး ဦးထွန်းရွှေခိုင်နှင့် တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ် (၂)စီးဖြင့် မီးလောင်ပြင်သို့ သွားရောက်မီးငြှိမ်းသတ်ခဲ့သည်။

မီးလောင်မှုကြောင့် လူနေအိမ် ဝါးထရံအကာနှင့် မိုးကာစ၊ ပြူတင်းပေါက်များ၊ ထုတ်တန်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း၊ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့်  မောင်တောပြည်သူ့ဆေးရုံ၌ အတွင်း လူနာအဖြစ် ဆေးကုသမှုခံယူလျက်ရှိကြောင်း၊  မီးလောင်မှုနှင့်ပတ်သတ်၍ မြို့မ ရဲစခန်းမှ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် မီးသတ် ဦးစီးဌာနမှ သိရသည်။

သက်လွင်စိုး(ခရိုင် ပြန်/ဆက်)