မော်လမြိုင် မတ် ၅
မွန်ပြည်နယ်တွင် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး၊ အရည်အချင်း ပြည့်၀သော ကျောင်း သား၊ကျောင်သူများ ပေါ်ထွန်းလာစေရေးအတွက် မတ် ၄ နံနက်ပိုင်းက မော်လမြိုင် ပညာရေး ဒီဂရီကောလိပ်၊ ပညာညီလာခန်းမတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် လုပ်ငန်းခွင်အကြို မူလတန်း ဆရာအတတ်ပညာသင်တန်း အမှတ်စဉ် (၇/၂၀၂၀) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပသည်။
အခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက သင်တန်းသား၊ သင်တန်း သူများ အနေဖြင့် အခြေခံပညာကျောင်းများတွင် စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ပြီး သင်ကြားရေး စွမ်းရည်မြင့်မားသော ဆရာ၊ ဆရာမများအဖြစ် တာဝန်ထမ်းဆောင်ရမည် ဖြစ်ကြောင်း၊ ၂၁ ရာစု ပညာခေတ်တွင် ဆရာ၊ဆရာမများသည် နောင်မျိုးဆက်သစ်များကို နိုးကြားတက်ကြွစွာ ဦးဆောင် ရမည့် အခန်းကဏ္ဍတွင် ပါဝင်ကြောင်း၊ ဆရာ၊ ဆရာမများ အနေဖြင့် သင်ယူမှု မဏ္ဍိုင်ကြီး(၄)ရပ် ဖြစ်သည့် အသိပညာတိုးပွားဖို့ သင်ယူစို့၊ လုပ်ကိုင်တတ်ဖို့ သင်ယူရန်၊အစွမ်းကုန် ဖွံ့ဖြိုးဖို့ သင်ယူရန်၊ ကမ္ဘာသားအဖြစ်နှင့်အတူနေဖို့ သင်ယူရန် အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်းနှင့်ပြောင်းလဲလာ သည့် ပညာရေးစနစ်အရသင်ယူခြင်းအတွက်သင်ယူခြင်း (Learn To Learn)သည်အကြောင်းအရာကို လေးနက်စွာဆန်းစစ်ပြီး လက်တွေ့နှင့် ဆက်စပ်သင်ယူခြင်း (Deep Learning) စနစ် ဖြစ် ကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများသည် ၁၀ မြို့နယ်ကိုယ်စားပြု သင်တန်း သား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ပြီး ဂုဏ်ပြုတေးသီချင်း ဖြင့် သီဆို ဖျော်ဖြေမှုကို ကြည့်ရှုအားပေးသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်သည် သင်တန်းသား၊ သင်တန်းသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ၊ ပညာရေးကဏ္ဍသည် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန် အရေးပါသည့် ကဏ္ဍတစ်ရပ်ဖြစ်သည့်အတွက် ဆရာ၊ဆရာမများအနေဖြင့် ကျောင်းသား၊ကျောင်းသူများ ကိုယ်ပိုင်စွမ်းရည်ကို အပြည့်အဝအသုံးချပြီး စဉ်ဆက်မပြတ် သင်ယူလိုစိတ်ဖြင့် လေ့လာသင်ယူသည့် စနစ်ကောင်းများ တည်ဆောက်ပေးရမည် ဖြစ်ကြောင်း လမ်းညွှန်မှာကြားသည်။
အဆိုပါသင်တန်းကိုမွန်ပြည်နယ်အတွင်းမှ သင်တန်းသား၊ သင်တန်းသူ ၃၆၂ ဦးတက်ရောက်ပြီး၊ သင်တန်းကာလ ၂ လ နှင့် ၂၀ ရက် သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
မြင့်မြတ်သီတာ( ပြန်ဆက်)