ရန်ကုန် မတ် ၅
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းသည် တာဝန်ရှိသူများနှင့် အတူယမန်နေ့ မွန်းလွဲ ၃ နာရီကရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီဝင်များနှင့်တွေ့ဆုံပွဲသို့တက်ရောက်ခဲ့သည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ မြန်မာအသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ်ဦးအေးကြွယ်၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းကျော်အောင် ၊မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ ဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူး_မောင်နိုင်မိုး)နှင့်အလုပ်အမှုဆောင်အဖွဲ့ဝင်များတက်ရောက်ကြသည်။
ရှေးဦးစွာပြန်ကြားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းကအဖွင့်အမှာစကားပြောကြားရာတွင်ယနေ့အချိန်မှာမီဒီယာလုပ်ငန်းများဖွံ့ဖြိုးရေးနှင့်မှန်ကန်သည့် သတင်းအချက် အလက်များပြည်သူထံ စီးဆင်းပြန့်နှံ့မှုမှာလွန်စွာအရေးကြီးပါကြောင်း၊ သတင်းအချက်အလက် နည်းပညာများဖွံ့ဖြိုးတိုးတက်လာခြင်းကြောင့်၊သတင်းမီဒီယာလုပ်ငန်းများရဲ့ပုံသဏ္ဍန်နှင့်ပြည်သူများရဲ့သတင်းစားသုံးမှုပုံစံများ ပြောင်းလဲနေပါကြောင်း အထူးသဖြင့်သမာရိုးကျ မီဒီယာများ ထက်၊ နယူးမီဒီယာလိုခေါသည့် မီဒီယာပုံစံသစ်များ အသုံးပြုလာကြပါကြောင်း ထိုသို့မီဒီယာ ပလက်ဖောင်းများပြောင်းလဲတိုးတက်လာမှုကို အသုံးချ၍တစ်ဖက်မှာလည်း သတင်းအမှား၊ သတင်းအတုအယောင်များကို၊ဖန်တီးထုတ်လွှင့်ကာပြည်သူလူထုအား၊အမြတ်ထုတ်ဆောင်ရွက်နေမှုများကို တွေ့မြင်နေရပါကြောင်း အထူးသဖြင့်သတင်းအမှား၊ သတင်းအတုအယောင်များ ထုတ်လွှင့်၍လူငယ်များအားဝါဒမှိုင်းတိုက်ကာအဖျက်အမှောင့်လုပ်ငန်းများမှာပါဝင်ဆောင်ရွက်စေရန်ဆောင်ရွက်နေမှုများကို မြင်တွေ့ရတဲ့အတွက်လွန်စွာ စိတ်မကောင်းဖြစ်ရပါကြောင်း၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေဖြင့် ကျောင်းများမှာသတင်း အချက်အလက် သိနား လည်မှုဆိုင်ရာ ဟောပြောပွဲများ ဆောင်ရွက်နေတာကို တွေ့ရသည့်အတွက်လွန်စွာဝမ်းမြောက်ပါကြောင်း၊လူငယ်နှင့်ကျောင်းသားကျောင်းသူများအားသတင်းအချက်အလက်နှင့် မီဒီယာဆိုင်ရာ သိနားလည်မှု ရှိစေရန်ဆက်လက်ကူညီဆောင်ရွက်ပေးစေလိုပါကြောင်း၊မိမိတို့နိုင်ငံရဲ့ပကတိဖြစ်ပေါ်ပြောင်းလဲနေမှုများကို နိုင်ငံတကာမီဒီယာအဖွဲ့များနှင့်ငါးကြိမ်ခန့်တွေ့ဆုံပြီးနိုင်ငံတကာက သိရှိအောင်ပြောကြားခဲ့ပါကြောင်း၊ ဒီကနေ့အချိန်မှာပြည်သူများ စာဝတ်နေရေးပြေလည်စေရန် နှင့် ရပ်ရွာတည်ငြိမ်အေးချမ်းစေရေးကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့အတွက် မီဒီယာနည်းလမ်း များဖြင ့်ကူညီဆောင်ရွက်ပေးရန်မေတ္တာရပ်ခံလိုပါကြောင်း၊ ဆွေးနွေးပြောကြားသည်။
ဆက်လက်၍မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ ဥက္ကဋ္ဌဦးအုန်းမောင် (မြင်မူး_မောင်နိုင်မိုး)နှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်များကလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးများနှင့် စပ်လျဉ်း၍ရှင်းလင်းဆွေးနွေးကြသည်။
ယင်းနောက်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိစာကြည့်တိုက်(၄၁၇)တိုက်အတွက်ငွေကျပ် ၂၅ သိန်းတန်းဖိုးရှိ သတင်းမီဒီယာပုံရိပ်မှတ်တမ်းစုံ၊ စာတမ်းများစာအုပ်(၄၁၇)အုပ်ကိုပေးအပ်လှူဒါန်းရာ၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာပြန်လည်ပေးအပ်သည်။
ဆက်လက်၍ပြည်ထောင်စုဝန်ကြီးကစိန်ရတုပြည်ထောင်စုနေ့ဂုဏ်ပြု အခမ်းအနား ကျင်းပခဲ့မှု မှတ်တမ်းဗွီဒီယိုအခွေများနှင့်စာအုပ်စာစောင်များကိုမြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ နှင့်ကောင်စီဝင်များအားပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အောင်မြင့်(ပြန်/ဆက်)