သင်္ဃန်းကျွန်း မတ် ၅
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ယမန်နေ့နံနက် ၈ နာရီခွဲ အချိန်က သင်္ကန်းကျွန်း ပညာရေးဒီဂရီကောလိပ် ပညာနေခြည်ခန်းမဆောင်တွင် လုပ်ငန်းခွင် အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း PPTTအမှတ်စဉ် (၇/၂၀၂၀) သင်တန်းဆင်း လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကား ပြောကြားရာတွင် ဒီနေ့ဟာ လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာ သင်တန်းဆင်းပွဲ ဖြစ်သည့်အတွက် မင်္ဂလာအပေါင်းခညောင်းတဲ့ နေ့ထူးနေ့မြတ် ဖြစ်ပါတယ
လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးမှာ အရေးကြီးဆုံးနဲ့ အဓိကအကျဆုံးကတော့ ပညာရေး ကဏ္ဍဘဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတစ်နိုင်ငံရဲ့ အခြေခံ အုတ်မြစ်ဟာ ထိုနိုင်ငံမှာ ရှိတဲ့လူငယ်များရဲ့ ပညာရေးအပေါ်မှာများစွာ မူတည်နေပါတယ်။ ပညာရေးဆိုတာ လူငယ်တွေရဲ့ ကာယညာဏ၊ စာရိတ္တဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လေ့ကျင့်ပျိုးထောင် ပေးရတဲ့ လုပ်ငန်းဖြစ်ပါတယ်။ ပညာရေးဟာလူတစ်ဦးချင်းစီရဲ့ ဘဝအောင်မြင်ရေးသာမက နိုင်ငံ ကြွယ်ဝ ချမ်းသာရေးမှာပါ အဓိကသော့ချက် ဖြစ်ပါတယ်။ နိုင်ငံကို ခေတ်နှင့်အညီ ပြုပြင် ပြောင်းလဲရာမှာ ပညာရေးဟာ အင်အားအကြီးဆုံး လက်နက်တစ်ခုဖြစ်ပြီး နိဂုံးချုပ်အနေနဲ့ မှာကြား လိုတာကတော့ နိုင်ငံ့ဝန်ထမ်းများ အဖြစ်တာဝန် ထမ်းဆောင်ကြမည့် သင်တန်း ဆင်းများအနေဖြင့် နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိ ရိုသေခြင်း၊ တည်ဆဲဥပဒေများကို လေးစားလိုက်နာခြင်း၊ တာဝန်နှင့် ဝတ္တရားများကို ကျေပွန်စွာနှင့် ရိုးသားဖြောင့်မတ်စွာ ထမ်းဆောင်ခြင်းစသည့် ကျင့်ဝတ်များ၊ စည်းကမ်းများကို အပြည့်အဝ လေးစားလိုက်နာကြသော ဝန်ထမ်းကောင်းများအဖြစ် ရပ်တည်ကြရန် ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက်မှာတော့ သင်္ဃန်းကျွန်းပညာရေး ဒီဂရိကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်ငြိမ်းသီအောင်က သင်တန်းဆင်းဆရာ၊ ဆရာမများအား မိမိတို့တက်ကျွမ်းထားသည့် ပညာများဖြင့် တိုင်းပြည်အကျိုး မိမိတို့ရပ်ရွာအကျိုးများကို ကိုယ်တက်စွမ်းနိုင်သည့် ပညာရေးဖြင့် ဆက်လက်ကြိုးပမ်း ထမ်းဆောင်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၁)မြို့နယ်မှ ဆရာ၊ ဆရာမ (၁၄၁)ဦးနှင့် ရခိုင်ပြည်နယ် သံတွဲမြို့နယ်၌ သွားရောက်တာဝန် ထမ်းဆောင်မည် ဆရာ၊ ဆရာမ (၄)ဦး စုစုပေါင်း သင်တန်းသားသင်တန်းသူ (၁၄၅)ဦးတို့အား သင်တန်းဆင်း ဂုဏ်ပြုလက်မှတ်များ အသီးသီး ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
စန္ဒာမိုး