သီပေါ မတ် ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဘော်ကြို ကျေးရွာအုပ်စု၊ ဘော်ကြိုကျေးရွာရှိ တောင်သူဒေါ်နန်းဌေး၏ ယာခင်းတွင် စမ်းသပ်စိုက်ပျိုးထားသော Canola (ဆီမုန်ညှင်း) မျိုးယှဉ်ပြိုင် စမ်းသပ်ကွက်ရိတ်သိမ်းခြင်းနှင့် ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါယာခင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သီပေါမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးတောင်သူများပူးပေါင်း၍ အမယ်သစ်သီးနှံအဖြစ် Conola(ဆီမုန်ညှင်း)၊ Huayoy 8၊ Huayoy 9၊ Baoyou 10 စသည့် ဒေသမျိုး စုစုပေါင်း (၄)မျိုးကို ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ (၁၂)ရက်နေ့တွင် တစ်ဧက စတင်စမ်းသပ်စိုက်ပျိုးခဲ့ရာ ယခုအခါ (၁၁၃) ရက်သား ရှိပြီဖြစ်သော ဆီမုန်ညှင်းသီးနှံ မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်အား အထွက်နှုန်း သိရှိစေရန်အတွက် လည်းကောင်း၊ စံကွက်ရိတ်သိမ်းခြင်းနှင့် မျိုးကောင်းမျိုးသန့် ပြန့်ပွားရေး အတွက်လည်းကောင်း ရည်ရွယ်၍ အကျိုးဆောင်တောင်သူများ၊ စိုက်ပျိုးပညာပေး ဝန်ထမ်းများ လေ့လာနိုင်စေရန် အတွက် ကွင်းပြပွဲ ပြုလုပ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
အဆိုပါ Canola (ဆီမုန်ညှင်း)၊ Huayoy 8၊ Huayoy 9၊ Baoyou 10 ဒေသမျိုးမျိုးယှဉ်ပြိုင် စမ်းသပ်ကွက်ရိတ်သိမ်းရာမှ အထွက်နှုန်းကောင်းသည့် မျိုးအားဒေသတွင် ဆက်လက်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)