လွိုင်လင် မတ် ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့နယ် အတွင်း၌ ရှမ်းပြည်နယ်အစိုးရ၏ ခွင့်ပြုရန်ပုံငွေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ၊ ၂၀၂၁ ခုနှစ် အောက်တိုဘာလ မှ ၂၀၂၂ ခုနှစ် မတ်လအထိ ၆ လတာ ကာလအတွင်း ဒေသဖွံ့ဖြိုးရေး တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေ များကို လွိုင်လင်ခရိုင် တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေး စစ်ဆေးရေးကော်မတီ ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် အဖွဲ့ဝင်များမှ ယနေ့နံနက်(၁၀)နာရီက လုပ်ငန်းတည်ရှိရာ နေရာများသို့ ကွင်းဆင်းစစ်ဆေးကြသည်။
ရှေးဦးစွာ လွိုင်လင်ခရိုင် တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေး စစ်ဆေးရေးကော်မတီ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များသည် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်နေသည့် ပင်လုံအရှေ့ -နောင်လိုင်(၂)လမ်း မြေသားလမ်း(၁/ ၄.၈၅ မိုင်၊ ၁၈ ပေ၊ ၄ လက်မ) ဖောက်လုပ်ပြီးစီးမှုကိုလည်းကောင်း၊ ဆည်မြောင်းဦးစီးဌာန ဆောင်ရွက်ပြီးသည့် (အလျား ၄၀ ပေ၊ အမြင့် ၁၀ ပေ) ရှိ ဝမ်လုံဆည် ကိုလည်းကောင်း၊ ပင်လုံမြို့စိုက်ပျိုးရေး ဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက်ပြီးသည့် ခြံစည်းရိုး ၃၇၁ ပေကို အုတ်တိုင်စိုက်၊ ချိန်းလိတ်ကာရံခြင်း ကိုလည်းကောင်း၊ လမ်းဦးစီးဌာန လမ်းအထူး(၅) မှ ဆောင်ရွက်ပြီးစီးသည့် လွိုင်လင်-ပန်ကေတု-သီပေါလမ်း မူလလမ်းဟောင်း (၃.၆၆) M အကျယ်မှ (၅.၅ )M အကျယ်ရရှိရန် ကတ္တရာလမ်းချဲ့ခြင်း၊ ဒုအခြေခံလွှာခင်းပြီး မျက်နှာပြင်ပေါ်တွင် အခြေခံလွှာ ကတ္တရာခင်းခြင်းကိုလည်းကောင်း၊ ပင်လုံမြို့ တခေါ့တန်ကျေးရွာ လျှပ်စစ်ဓာတ်အား လိုင်းရရှိ အတွက် လုပ်ငန်းဆောင်ရွက်ထားရှိမှု ကိုလည်းကောင်း၊ အလားတူပင်လုံမြို့ နောင်လိုင် ကျေးရွာအုပ်စု၊ ပန်လင်းရွာသစ်ကျေးရွာ လျှပ်စစ်ဓာတ်အားလိုင်းရရှိအတွက် ၁၁ ကေဗွီဓာတ်အားလိုင်း (၂)မိုင် သွယ်တန်းခြင်း၊ ပင်လုံမြို့ ဝမ်ကုန်းကျေးရွာ လျှပ်စစ်ဓာတ်အား လိုင်းရရှိအတွက် ၁၁ ကေဗွီဓာတ်အားလိုင်း (၀.၈)မိုင်၊ ၁၁/၀.၄ ကေဗွီ(၂၀၀)ကေဗွီအေ ထရန်စဖော်မာ (၁)လုံး တည်ဆောက်ခြင်း လုပ်ငန်းများကို ကြည့်ရှု့စစ်ဆေးကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။
လွိုင်လင်ခရိုင် တည်ဆောက်ရေး လုပ်ငန်းများ အရည်အသွေး စစ်ဆေးရေးကော်မတီ ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် အဖွဲ့ဝင်များမှ ယနေ့ ကွင်းဆင်းစစ်ဆေးသည့် လုပ်ငန်းအားလုံးသည် ၁၀၀ ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။
လွိုင်လင်မိုး