ရန်ကုန် မတ် ၄
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်စေရန်အတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်း အချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက တာမွေမြို့နယ် ကျိုက္ကဆံလမ်းမကြီးပေါ်ရှိ အလုပ်သမားဆေးရုံကြီး(ရန်ကုန်)တွင် မြို့နယ်အတွင်းရှိ ပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုကဲ့သို့ တာမွေမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် လူစုလူဝေး မဖြစ်ပေါ်စေရေးနှင့် လာရောက်ထိုးနှံသူများ အနေဖြင့် အဆင်ပြေ ချောမွေ့စွာ ထိုးနှံနိုင်စေရေးအတွက် မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်း ကော်မတီဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် ကြက်ခြနီအသင်း တပ်ဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ လူမှုကူညီရေး ပရဟိတ အသင်းဝင်များနှင့် ရပ်မိရပ်ဖများက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ လက်ကို စနစ်တကျ ဆေးကြောစေခြင်းနှင့် တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာမှ တန်းစီစောင့်ဆိုင်း စေခြင်း အပါအဝင် လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး များကို ၂၀၂၁-ခုနှစ် ဩဂုတ်လ (၂)ရက်နေ့မှ စတင်၍ ဦးစားပေး အစီအစဉ်များအလိုက် ထိုးနှံပေးလျက်ရှိပြီး ယနေ့အထိ တာမွေမြို့နယ်အတွင်းရှိ ပြည်သူ (၇၇၄၆၉)ဦးကို (ပထမအကြိမ်) အဖြစ် ထိုးနှံပေးနိုင်ခဲ့ပြီး အကြိမ်ပြည့် ထိုးနှံပြီးစီးသူ (၇၁၄၉၆)ဦးအထိရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသေးသူများကိုလည်း နံနက်(၉)နာရီမှ မွန်းလွဲ(၂)နာရီအထိ ဆက်လက် ထိုးနှံပေးလျက် ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်း ကော်မတီမှ သတင်းရရှိပါသည်။
နိုင်လင်းအောင်