ကျေးသီး မတ် ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်တွင် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် (၉)နာရီက အခြေခံပညာအထက်တန်းကျောင်း၌ ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသည့် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကျန်းမာရေး ဝန်ထမ်းများနှင့် ပညာရေးဝန်ထမ်းတို့က ကျောင်းသား၊ကျောင်းသူများ၏ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်ရယူခြင်း၊ စာရင်းရေးသွင်းခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်းနှင့် သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှု တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးကို စနစ်တကျ ထိုးနှံပေးခဲ့သည်။ ထို့နောက် ကာကွယ်ဆေးထိုးနှံပြီးသူ ကျောင်းသား၊ကျောင်းသူများအား မိနစ်(၃၀)ခန့် အနားယူစေပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
ကျေးသီးမြို့နယ်အနေဖြင့် အခြေခံပညာကျောင်းများမှ ပထမအကြိမ် ထိုးနှံပေးပြီးသည့် အသက် (၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ(၁၂၃)ဦးအား ဒုတိယအကြိမ် ထိုးနှံပေးခြင်း ဖြစ်ကြောင်း သိရသည်။
နန်းမွမ်းဆိုင်(ကျေးသီး)