ကျောက်ဆည် မတ် ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ အမှတ်(၂)အခြေခံပညာမူလတန်းလွန်ကျောင်းတွင် မတ်(၄) ရက် နံနက်(၉)နာရီခွဲက ကျောင်းသား/ကျောင်းသူများ စာကြည့်တိုက်နှင့် အကျွမ်းတဝင်ရှိစေရန်အတွက် စာဖတ်ရှိန်မြင့်မားရေး နယ်လှည့်စာကြည့်တိုက်၊ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီးဦးထိန်လင်းက ကျောင်းသား/ ကျောင်းသူများအနေဖြင့် အလိမ္မာစာမှာရှိဆိုသည့်အတိုင်း စာပေများဖတ်ရှုလေ့လာခြင်းဖြင့် ထူးချွန်ထက်မြတ်သော လူငယ်/လူရွယ်များ ဖြစ်ကြစေလိုကြောင်း အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက ကျောင်းစာအပြင် ပြင်ပစာပေများ ဖတ်ရှုခြင်းဖြင့် အသိပညာ ဗဟု သုတများ ကြွယ်ဝစေပြီး စဉ်းစားတွေးခေါ်မှု အသိဉာဏ်များ ပိုမိုရင့်သန်လာမှာဖြစ်ကြောင်း၊ ပညာရဲရင့်ပွဲလယ်တင့်ဆိုသည့်အတိုင်း ပညာတတ်သူများဖြစ်အောင် အားလပ်ချိန် များတွင် စာအုပ်၊စာပေများ ဖတ်ရှုလေ့လာကြစေလိုကြောင်း ဟောပြောဆွေးနွေးခဲ့သည်။
.ဆက်လက်ပြီး ဒုတိယဦးစီးမှူး ဒေါ်စန္ဒာအေးအောင်က စာအုပ်၊စာပေများဖတ်ရှုလိုပါက ကျောက်ဆည် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာန ပြည်သူ့စာကြည်တိုက်တွင် အခမဲ့ငှားရမ်းဖတ်ရှုနိုင်ကြောင်း စာအုပ်၊ စာပေများ ဖတ်လေ့လာခြင်းဖြင့်နိုင်ငံနှင့်လူမျိုးအတွက် ယဉ်ကျေးလိမ္မာသော သားကောင်း/သမီး ကောင်းရတနာလေးများ ဖြစ်ကြစေလိုကြောင်း အသီးသီးဟောပြောခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်၊စာစောင်များနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)