ညောင်ဦးခရိုင်အတွင်းရှိ ကျေးလက်တော်သူများ လယ်တောသခင်ပုန်းမကြည်ရှင်မအား ရိုးရာမုန့်များဖြင့် ရိုးရာမပျက်ပူဇော်ပသ

ညောင်ဦး  မတ် 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိ ကျောက်ပန်းတောင်းမြို့နယ်၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့၊ ပုဂံမြို့ရှိ ရပ်ကွက်/ကျေးရွာများတွင် တပေါင်းလဆန်း ၃ ရက်နေ့တွင် နှစ်စဉ်နှစ်တိုင်း လယ်တောသခင်ပုန်းမကြည်ရှင်မ ပူဇော်ပသခြင်းအား ကျေးလက်တောင် သူများ လယ်၊ ယာ၊ ကိုင်း၊ ကျွန်း၊ ဥယျာဉ်ခြံမြေ၊ စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်ကြသည့် ရိုးရာဓလေ့ အစဉ်အလာအား ကိုယ်တိုင်ပြုလုပ်သည့် မုန့်များဖြင့် ပူဇော်ပသခဲ့ကြကြောင်း ကျောက်ပန်းတောင်းမြို့နယ် ကြက်သွန်စိုက်ပျိုးတောင်သူ ဦးတင်ထွန်းအောင်ထံက သိရသည်။

တပေါင်းလဆန်း ၃ရက်နေ့ရောက်တိုင်း မိမိတို့တို့၏ အရောင်းအဝယ်လုပ်ငန်းများ၊ စိုက်ပျိုးရေး လုပ်ငန်းသုံး ပစ္စည်းများ၊ မွေးမြူရေးနွား၊ ကျွဲ၊ ဆိတ်၊ ဝက်၊ ခိုင်းနွားများ၊ ကြက် သွန်စင်၊ စပါးကျီ၊ မြေပဲပုတ်၊ နှမ်းလှောင်၊ ပဲလှောင်ဂိုဒေါင်များတွင် လယ်တောသခင်ပုန်း မကြည်ရှင်မအား ရိုးရာ ယုံကြည်မှုဖြင့် ပူဇော်ပသလေ့ရှိကြောင်း သိရသည်။ တပေါင်းလဆန်း ၁ ရက်နေ့မှ စတင်ကာ ကောက်ညှင်းဆန်၊ ဆန်ကြမ်း၊ဂျုံမှုန်တို့ဖြင့် မုန့်ဆီကြော် အနီ၊ အဖြူ၊နွားရုပ်၊ ကျွဲရုပ်၊ ငွေဒင်္ဂါး၊ ရွှေဒင်္ဂါး၊စပါးကျီပုံ၊ လယ်ယာထွက်ကုန်ပစ္စည်းပုံ အမျိုးမျိုးပြုလုပ်ကာ ပုန်းမကြည်ရှင်မအား ပူဇော်မည့် ထမင်းအိုး၊ ထမင်းချိုင့်ထဲတွင် မုန့်ဆီကြော် အဖြူ၊အနီ၊ အရုပ်များ၊ ဘဲဥ၊ ကြက်ဥ၊ ငါးခြောက်၊ ပဲကြီးဥ၊ လက်ဘက်၊ ပုန်းမကြည်ပန်းတို့ဖြင့် ပုံသဏ္ဍာန်အမျိုးမျိုး ပူဇော်ပသကြ ကြောင်း၊ ညောင်ဦးမြို့နယ် သစ်ထောင့်ကျွန်းကျေးရွာ တောင်သူဦးအေးကိုက ရှင်းပြသည်။

ပုန်းမကြည်မပူဇော်ပသကြရာတွင် တစ်ဒေသနှင့် တစ်ဒေသ မတူညီကြပေ၊ညောင် ဦးခရိုင်တွင်ရှိ ကျေးလက် တောင်သူများ ပုန်မကြည်ပန်းဖြင့် ပူဇော်ပသကြသော်လည်း ပခုက္ကူခရိုင် ၊ရေစကြိုမြို့နယ် ကျေးလက် တောင်သူများ ဒေါနပန်းဖြင့် လယ်တောသခင် ပုန်းမကြည် ရှင်မအား ပူဇော်ပသကြကြောင်း သိရသည်။ ခေတ်အဆက်ဆက် ပုန်းမကြည် တင်လှူပသ ခြင်းအား ယုံကြည်ကိုးကွယ်မှုဖြင့် ညောင်ဦးခရိုင်အတွင်းရှိ ကျေးလက်တောင်သူများ ပူဇော် ပသလာခဲ့ရာ ယနေ့အချိန်ထိ တပေါင်းလဆန်း ၃ရက်နေ့ရောက် တိုင်း ရိုးရာဓလေ့တစ်ခုအဖြစ် ပြုလုပ်နေကြောင်း တွေ့ရသည်။ ပုန်းမကြည်ရှင်မအား ယုံကြည်ကိုးကွယ်မှုအဖြစ် စိုက်ပျိုး သီးနှံများ အောင်မြင်ဖြစ်ထွန်းရန်၊ သီးနှံစိုက်ခင်းများ ပျက်စီးဆုံးရှုံးမှု မရှိစေရန်၊ မွေးမြူရေး ကျွဲ၊ နွား၊ ဆိတ်များ၊ ထန်း၊ သရက်၊ အုန်း၊ နွားတင်း ကုတ်၊ ဆိတ်ခြံတို့တွင် မိရိုးဖလာ အစဉ်အလာ တစ်ခုလို ပြုလုပ်ကြကြောင်း သိရသည်။ ပုန်းမကြည်ရှင်မပူဇော်ပသသည့် ဒန်အိုး၊ ချိုင့်များအား ရွာထဲရှိ ကာလသား၊ ကာလသမီး၊ လူကြီး၊ လူငယ်၊ လူရွယ်များ ကျေးလက် တောင်သူများ၏ စိုက်ခင်းထဲ ပူဇော်ထားသည့် ထမင်းအိုး၊ ဟင်းအိုးများကို ဖောက်၍ ယူငင်စားသုံးနိုင်သည့် ဓလေ့သည်လည်း အညာဒေသ၏ ချစ်စရာမိရိုးဖလာ ဓလေ့ပင် ဖြစ်တော့သည်။

တပေါင်းလဆန်း ၁ရက်၊ ၂ရက်၊ ၃ရက်နေ့များတွင် တိုက်ခိုက်သည့် လေကိုခန့်မှန်း၍ တစ်နှစ်ပတ်လုံးအတွက် မိုးဦး၊ မိုးလယ်၊ မိုးနှောင်း၊ ရာသီဥတု ခန့်မှန်းကြကြောင်း၊ တပေါင်း လဆန်း ၁ရက်နေ့လေတိုက်လျှင် မိုးဦးကောင်းမည်ဖြစ်ကြောင်း၊ တပေါင်းလဆန်း ၂ရက် နေ့လေတိုက်လျှင် မိုးလယ်မိုးကောင်းမည်ဖြစ်ပြီး၊ တပေါင်းလဆန်း ၃ ရက်နေ့လေတိုက်လျှင် မိုးနှောင်းမိုး (နောက်ပိုင်းမိုး) ကောင်းမည်ဖြစ်ကြောင်းတို့ကိုလည်း သက်ကြီးစကား သက်ငယ် မှတ်သား ကျေးလက်တောင်သူများ လက်ဆင့်ကမ်းလာခဲ့သည့် မိုးလေဝသခန့် မှန်းနည်းများ ဖြစ်ကြောင်း ကျောက်ပန်းတောင်းမြို့နယ် လဲဂွကျေးရွာရှိ အသက် (၇၀)နှစ် ခန့်ရှိ ဦးခင်ဆောင်မှ ပြောကြားသည်။ ပုန်းမကြည်မအကြောင်းသည်  တစ်ကျောင်းတစ်ဂါ ထာ တစ်ရွာတစ်ပုဒ်ဆန်း တင်ပုံတင်နည်း ပူဇော်ပသနည်း မတူညီကြသော်လည်း ကာဠီယက္ခီနီဘီလူးမဝတ္ထုပါ အကြောင်း အရာများအရ ရန်ကိုရန်ချင်း မတုန့်ပြန်သင့်ကြောင်း အမှန်တရားကိုသိမြင်ချိန် နောင်တတရား တို့ဖြင့် လောကကောင်းကျိုးတို့ကို ဆောင်ရွက် တော့မည်ဖြစ်ကြောင်း မြတ်စွာဘုရားရှင်အား ကတိသစ္စာပြုခဲ့သည်ကို ကာဠီယက္ခီနီဘီလူးမ ဝတ္ထုတွင် ဖော်ပြထားကြောင်း ကျောက်ပန်း တောင်းမြို့နယ် လဲဂွမြောက်ကျောင်းဆရာတော် ဘဒ္ဒန္တဝါရမမှမိန့်ကြား တော်မူကာ အညာ ကျေးလက်ဒေသများတွင် လယ်တော သခင်ပုန်းမကြည်ရှင်မအား တပေါင်းလဆန်း ၃ ရက်နေ့ရောက်တိုင်း မိရိုးဖလာယုံကြည် ပူဇော်ပသလေ့ရှိကြောင်း သိရသည်။

ကိုထိန်၊KPD