ခရမ်း မတ် ၄
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်သန်းနှင့်အတူ ဝန်ထမ်းအဖွဲ့များ၊ ဘိုကလေးကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များသည် ကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ယမန်နေ့နံနက် (၈:၀၀)နာရီမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
ထိုကဲ့သို့ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရမ်းမြို့နယ် မြို့နယ်ဦးစီးမှူး ဦးမောင်မောင်သန်းမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား(အသစ်/လဲလှယ်)ခြင်းများ ပြုလုပ်ပေးရာတွင် သိသင့်သိထိုက်သည့်အချက်များနှင့် ပန်းခင်းစီမံချက် ဆောင်ရွက်ပေးနေမှုများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်သူများ၏ ရပိုင်ခွင့်များ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်သူတို့ လိုက်နာရမည့်စည်းကမ်းချက်များ၊ အိမ်ထောင်စုလူဦးရေစာရင်းလျှောက်ထားမှု၊ မွေးဖွားသေဆုံး/ ပြောင်းဝင်/ပြောင်းထွက် လုပ်ငန်းတို့၏ အရေးပါပုံတို့နှင့်အတူပြုလုပ်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအားပြုပြင်ခြင်းနှင့် ပျောက်ဆုံးပျက်စီးမှုများရှိပါက သက်ဆိုင်ရာဦးစီးဌာနသို့ ဆက်သွယ်ပြုလုပ်နိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ပြုလုပ်ပြီးစီးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ပြည်သူများ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် ဘိုကလေးကျေးရွာအုပ်စုအတွင်းရှိ ကျေးလက်နေပြည်သူ (၃၂၅)ဦးတို့ကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ကိုမင်း (ခရမ်း)