စဉ့်ကိုင်မြို့နယ် စော်ရဲကျေးရွာတွင် (CERP) အစီအစဉ်အရ မျိုးသန့်၊ မျိုးပွားမျိုးစေ့ထုတ် စိုက်ပျိုးနည်းစနစ် စံပြကွက်နည်းပညာပေးပြသစိုက်ပျိုး

စဉ့်ကိုင် သြဂုတ် ၂၈

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်စော်ရဲကျေးရွာတွင် (CERP) အစီ အစဉ်အရ မျိုးသန့်၊ မျိုးပွား၊ မျိုးစေ့ထုတ်နည်းစနစ်ဖြင့် မျိုးစေ့ထုတ်လုပ်ငန်းအစုအဖွဲ့မှ စိုက်ပျိုးနည်းစနစ်ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် (၁၀) နာရီက စော်ရဲကျေးရွာ၊ ကွင်းအမှတ်(၉၇/ခ)  ဦးပိုင်အမှတ် (၂၉/၃) တောင်သူ ဦးမျိုးသန့်ပါ (၅) ဦး၏ လယ်ဧက (၁၀) ဧကတွင် သရုပ်ပြနည်းပညာပေး စိုက်ပျိုးခဲ့ကြောင်း သိရသည်။

အဆိုပါ ပညာပေးသရုပ်ပြစိုက်ပျိုးရာတွင် ကျောက်ဆည်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးစိုးနိုင်က RS to CS စိုက်ပျိုးနည်းဖြင့်  စိုက်ပျိုးပြသရခြင်းရည်ရွယ်ချက်ကို  ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စိုးစိုးက မျိုးကောင်း၊ မျိုးသန့်၊ မျိုးပွား၊ မျိုးစေ့ထုတ်ခြင်းဖြင့် ရရှိလာမည့် အကျိုး ကျေးဇူးများကို  ရှင်းလင်းပြောကြားခဲ့သည်။

ထိုသို့စိုက်ပျိုးရာတွင် ဧရာမင်းမျိုးစပါးများစိုက်ပျိုးခြင်းဖြစ်ပြီး ပျိုးသက်တမ်း (၂၃ရက်သားတွင် ပျိုးပင်များကို  ခြောက်တန်းတစ်တန်းလှပ်စနစ်ဖြင့် စိုက်ပျိုးခြင်းဖြစ်ပြီး  မျိုးစပါးကို တစ်ဧကလျှင် (တစ်တင်း) နှုန်း  ဘောင်စနစ်ဖြင့် ပျိုးထောင်စိုက်ပျိုးခြင်းဖြစ်ကြောင်း၊  ထုတ်လုပ်စရိတ်လျှော့ချနိုင်ခြင်း၊ ရာသီဥတုဖောက်ပြန်မှုနှင့် ပိုးမွှားရောဂါကျရောက်မှုကိုလည်း လျှော့နည်းစေပြီး စပါးအထွက်နှုန်းမှာလည်း တစ်ဧကလျှင်တင်း (၁၀၀) အထိ ထွက်ရှိနိုင်ကြောင်း ကျေးရွာသစ်လှုပ်ရှားမှုတာ၀န်ခံ ဒေါ်ယဉ်လှိုင်၀င်းက ပြောပြ၍ကြောင်း သိရသည်။

ဝင်းဝင်းသန်း (စဉ့်ကိုင်ပြန်/ဆက်)