ဆိပ်ကြီးခနောင်တိုမြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးတွင် မီးဘေးကြိုတင် ကာကွယ်ရေး အသိပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြသ

ဆိပ်ကြီးခနောင်တို မတ်

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ခြင်း သရုပ်ပြသခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက အဆိုပါရုံး အစည်းအဝေးခန်းမနှင့် ရုံးဝင်းအတွင်း ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဦးထွန်းထွန်းအောင်က မီးဘေး ကြိုတင် ကာကွယ်ရေး ဟောပြောရာတွင် ရုံးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး ကြိုတင်ဆောင်ရွက် ထားရှိရမည့် အချက်များနှင့် ဆောင်ရန်/ ရှောင်ရန်များ၊ မီးဘေးနှင့် သဘာဝဘေး ကြုံတွေ့လာပါက သက်ဆိုင်ရာ မီးသတ်ဦးစီးဌာသို့ ဆက်သွယ်အကြောင်းကြားရန်နှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ၊ လျှပ်စစ်မီးသုံးစွဲရာတွင် စနစ်တကျ သတိထားသုံးစွဲရေး စသည်များအား အသိပေးဟောပြောခြင်း၊ လျှပ်စစ်မီး၊ မီးဖိုမီး၊ ဖယောင်းတိုင်မီး စသည့် မီးအသုံးပြုနည်းများကို အသိပေးဟောပြောပြီး၊ မြို့နယ် မီးသတ်ဦးစီးဌာန ဒုတိယ ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များမှ စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးအတွင်း လျှပ်စစ်မီး တပ်ဆင်သုံးစွဲမှု အခြေအနေများအား ကြည့်ရှုခဲ့ကြသည်။

ယင်းနောက် မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးရုံးဝင်းအတွင်း၌ စည်ပင်သာယာ ဝန်ထမ်းများအား မီးသတ်ဆေးဘူး အသုံးပြု၍ မီးငြိမ်းသတ်ခြင်း၊ ရေစိုအဝတ်ဖြင့် မီးငြှိမ်း သတ်ခြင်းတို့အား လက်တွေ့  သရုပ်ပြသ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဝေယံ(IPRD)